အသားညိုစိမ့်စိမ့် ၊ပိန်ပိန်ပါးပါးနဲ့ သွက်သွက်လက်လက်ပဲရှိသေးတယ်။သူ့ကြည့်လိုက်ရင် အသက်ခြောက်ဆယ်ကျော်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ပဲ သူပြသနာတက်တယ်။အသက်ခြောက်ဆယ်ထက် သုံးနှစ်ကျော်လုပ်လို့ ဆိုပြီး သူ့ကိုငွေကျပ်သိန်းခုနှစ်ဆယ်ကျော် ပြန်လျော်ဖို့ ဆုံးဖြတ်ခံခဲ့ရတယ်။သူက ဆရာမ ဒေါ်မာမာမြင့်ပါ။အထက ၁၂ ကျောင်းက အလယ်တန်းပြတစ်ဦးဖြစ်ပြီး စာအသင်အပြကောင်းသူ ၊လူချစ်လူခင်များသူလို့ ပြောရမယ်။
ကျွန်တော်နဲ့တွေ့တော့ ကျွန်တော်သူ့ကို မင်္ဂလာပါ ဆရာမလို့ နုတ်ဆက်လိုက်တယ်။ သူလည်းပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြပြီး ပြန်နုတ်ဆက်တယ်။တကယ်တော့ ဒီလိုပြသနာတက်ထားသူတစ်ယောက်ကို ခစေ့တွင်းကျ အင်တာဗျုးဖို့ ဆိုတာ အားနာစရာကောင်းသလို ၀မ်းနည်းစရာတွေလည်း ပါလာနိုင်တယ်လေ။
သူပေါ့ပေါ့ပါးပါးပြုံးပြပေမယ့် စိတ်ဆင်းရဲခဲ့ရတဲ့ပုံကတော့မပျောက်သေးပါဘူး၊မျက်တွင်းတွေကျနေသလို နည်းနည်းလည်းနွမ်းနေပုံပဲ။
ပြီးတော့ သူကပဲစပြောတယ်။ အသိတွေက မီဒီယာတွေနဲ့ အင်တာဗျုးဆက်မလုပ်ဖို့ တားထားတယ်တဲ့။ဒါပေမယ့် တိုင်းမှူးလာလှူတဲ့ကိစ္စကတော့ ပြောရဦးမှာပဲ ဆိုပြီး “ဆရာမလျော်ရမယ့်ငွေကို တိုင်းမှူးက လာလှူသွားတယ်။ခုနှစ်ဆယ့်ရှစ်သိန်းလာလှူသွားတယ်”ဆိုပြီးပြောတယ်။
ဒါပြီးတော့ အင်တာဗျူးရအောင်ဆိုသူ့အခန်းထဲခေါ်သွားတယ်။သူ့အခန်းဆိုတာက တစည(တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ) ၀င်းထဲက လိုင်းခန်းလေးပါ။ကျွန်တော်အမြင်အရဆို ဆယ်ပေပတ်လည်လောက်ပဲရှိမယ်။ပစ္စည်းတွေကလည်း များများစားစားမရှိဘူး၊ဟင်းချက်စရာတွေတင်ထားတဲ့ စင်လေးရယ်၊ထိုင်ခုံလေးတွေရယ်။ဝှိုက်ဘုတ်တစ်ချက်ရယ်။ကျွန်တော်သတိထားမိတာက အိပ်ရာမရှိတာပါ၊အဲ့ဒီသံမံတလင်းခင်းထားတဲ့အခန်းထဲမှာ ကုတင်တစ်လုံးမှ မတွေ့မိဘူး။သူဘယ်လိုအိပ်ပါလိမ့်။ထားတော့။
လုပ်သက်သုံးဆယ်ကျော် ပညာရေးဝန်ထမ်းတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုဟာ ဒါတွေပဲရှိပါတယ်။ကျွန်တော်တို့ သင့်တော်ရာနေရာမှာ ၀င်ထိုင်ရင်း ဆရာအဆင်ပြေရဲ့လားဆိုတော့ သူက ပလတ်စတစ်အိတ် တစ်ခုကိုဖြည်နေတယ်။အဲ့ဒါငွေထုပ်ပါ။ခုနှစ်ဆယ့်ရှစ်သိန်း ငွေထုပ် တွေကို ကျွန်တော်ရှေ့ချပြရင်း “ဆရာမဘ၀မှာ ဒီလောက်များတဲ့ငွေ တစ်ခါမှမကိုင်ဖူးဘူး”တဲ့။ သူကရီရင်းဆက်ပြောတယ်။ “ခေါင်းပေါ်ကအထုတ်ကြီးပြုတ်ကျသွားသလိုပဲ၊လျော်စရာရှိပြီဆိုတော့ နောက်ဆုံးလျော်ရမယ်ဆိုရင်တောင်မပူရတော့ဘူးပေါ့”
သူ့ရဲ့ အဲ့ဒီဖြစ်ရပ်ကို စပြီးသိရတာက မန္တလေးက ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ ကိုဝမ်း ဆိုသူဆီကပါ။သူကဆရာမတစ်ဦးအဲ့လိုဖြစ်နေတဲ့အတွက် သူစိတ်မကောင်းဘူး၊သူ့ရဲ့ဖုန်းကိုရောင်းပြီး ငွေဆယ့်တစ်သိန်းမတည်မယ်။လှူပေးကြပါဆိုပြီး လိုင်းပေါ်ကနေ တင်လိုက်တယ်၊အဲ့ဒီမှာ ဆရာမရဲ့ကိစ္စကို လူစိတ်ဝင်စားမှုများလာခဲ့တာပါ။
ဆရာမဖြစ်စဉ်က ဒီလိုပါ။သူကမြစ်သားမြို့နယ်ထဲက ကျောင်းတစ်ခုမှာ ဆရာမလိုအပ်တယ်ဆိုတော့ ထောက်ခံစာလေးနဲ့ အလုပ်တန်းဝင်လိုက်တယ်။ဆွဲခန့်လို့ခေါ်တာပေါ့။အဲ့ဒီမှာ သူမှတ်ထားတဲ့ သူရဲ့မွေးသက္ကရာဇ်ကတစ်မျိုး ၊ဒါပေမယ့် ပင်စင်ပေးတဲ့အသက်မှန်မမှန်ကိုးကားမှုက ဆယ်တန်းအောင်လက်မှတ်က သက္ကရာဇ်ဖြစ်နေတယ်။အဲ့ဒီမှာ သူက အသက်ခြောက်ဆယ်ထက် သုံးနှစ်ကျော်ပိုလုပ်မိသလိုဖြစ်သွားတယ်။အဲ့ဒီတော့ သူပိုလုပ်ခဲ့တဲ့ သုံးနှစ်စာလစာတွေကို ပြန်လျော်ရမယ်ဆိုဖြစ်လာတယ်။
“ဒါတွေက ဆရာမရဲ့လုပ်အားခတွေပဲလေ၊အခုပိုက်ဆံလျော်ရမယ်ဆိုတာလည်း ဘယ်ဥပဒေနဲ့ဆိုတာ တိတိကျကျသိရမှဖြစ်မယ်။ကျောင်းမှာသင်ရတဲ့ ရေသည်ပြဇာတ်လိုပေါ့။ရေသည်ယောကျာင်္းက တိုင်းပြည်တစ်ဝက်ပိုင်တဲ့အချိန်မှာတောင် သူ့ချွေးနှဲစာလေးကို ရအောင်ပြန်ရှာတာပဲလေ၊ဆရာမလည်းအဲ့လိုပဲ ကိုယ့်လုပ်အားခဖြစ်တဲ့အတွက် သူများစိုက်လှူပေးလည်း နှမြောတာပဲ”
တစ်လ တစ်သိန်းကျော်သာရတဲ့ ဆရာမတစ်ယောက်အဖို့ သူ့လစာရဲ့သုံးနှစ်ကျော်စာ ခုနှစ်ဆယ့်ရှစ်သိန်းကျော်ဆိုတာ လျော်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားပါ။အခုတော့ သူ့သက်ပြင်းမောချနိုင်အောင် ကူညီလိုက်တာက ကြည်းရေလေမိသားစုဆိုတဲ့ အလယ်ပိုင်းတိုင်းစစ်ငှာနချုပ်ကတိုင်းမှူးပါ။
“သူက သူ့တိုင်းထဲမှာ ပညာရေးဝန်ထမ်းတစ်ယောက်အခုလိုဖြစ်တာမကြည့်ရက်လို့ ပါဆိုပြီးလာလှူသွားတယ်၊ပြီးတော့ ဆရာမကျန်းမာအောင်နေပါ၊ပင်စင်ခံစားပါဆိုပြီး ပြောသွားတယ်။”
ဒါပေမယ့် အဲ့ဒီငွေတွေကို ချက်ချင်းမလျော်သေးဘူးလို့ ဆရာမကပြောတယ်။ပင်စင်ဥပဒေအရလား ၀န်ထမ်းဥပဒေလား စတဲ့အကြောင်းပြချက်တွေသိမှ လျော်မယ်လို့ ပြောတယ်။သူကျော်လွန်လုပ်ခဲ့တာဖြစ်ပေမယ့် သူ့အလုပ်လုပ်ရင်းရတဲ့ပိုက်ဆံသာဖြစ်တယ်လို့ သူကဆိုပါတယ်။
ပစ်ရခတ်ရ ခက်ခက်ခဲခဲဆုံးဖြတ်ရတဲ့ တပ်မတော်လိုနေရာမှာတောင် အသက်ခြောက်ဆယ်ထက်ကျော်လွန်လုပ်ဆောင်ခွင့်ရှိတဲ့ တိုင်းပြည်မှာ စာသင်ခန်းထဲမှာ စာသင်တဲ့အလုပ်ကို ကျော်လွန်လုပ်မိလို့ လျော်ရတယ်ဆိုတာ သဘာဝမကျဘူးလို့ ပြောလို့ ရတယ်။ဆရာမကတကယ်သန်မာတုန်းပါ။ဝူရှုးပညာရှင်တစ်ယောက်လည်းဖြစ်ပါသေးတယ်။သူ့စာသင်နိုင်စွမ်းတွေအတွက် ပိုလုပ်ခဲ့လို့ နိုင်ငံတော်ကတောင်ထောက်ပံ့သင့်တယ်ဆိုတဲ့ မှတ်ချက်တွေကလည်း လူမှုကွန်ယက်အပေါ်မှာ အပြည့်ပါပဲ။
တဆက်တည်းမှာပဲ တပ်မတော်ကိုအမြင်မကြည်တဲ့သူတစ်ချို့က တပ်မတော်က ပေးလှူလိုက်တဲ့အပေါ် မျက်စိဆံပင်မွှေးစူးပုံပါပဲ။ အဲ့ဒီ သက်ရောက်မှုကဆရာမဆီသွားပါတယ်။ ဆရာမက လိမ်လည်ပြီး ခိုးလုပ်ခဲ့တဲ့ပုံစံ၊ဆရာမမှာပဲ အပြစ်ရှိတဲ့ပုံစံမှတ်ချက်တွေ ထွက်လာပါတယ်။
ကျွန်တော့်ရဲ့ သီးခြားအမြင်ကိုထည့်ပြောရရင် ရာထူးဝန်ရုံးကအစ တိုင်းပညာရေးမှူးအလယ် ကျောင်းတာဝန်ရှိသူတွေအဆုံး တာဝန်ရှိတယ်လို့ မြင်ပါတယ်။တစ်ရက် တစ်လ တစ်နှစ်မဟုတ်ပဲ သုံးနှစ်ကျော် ပါ။ဆရာမ ပင်စင်တင်မှ သိတယ်ဆိုတော့ ၀န်ထမ်းတွေအပေါ်တိကျတဲ့မူဝါဒတွေနဲ့ စနစ်တကျ စာရင်းဇယားတွေအားနည်းမှုကိုလည်း လှမ်းမြင်ရပါတယ်။
ဒါ့အပြင်အခြေခံကျောင်းတွေမှာ သီးသန့်နားလည်မှုတစ်ချို့လည်းရှိပါတယ်။နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကျောင်းအပေါ် လူပီပီ သံယောဇဉ်တွယ်လာတတ်တာပါပဲ။ပင်စင်ယူလိုက်ပေမယ့် စာသင်နှစ်ပြီးတဲ့အထိ အခမဲ့လာသင်ပေးကြတာပါ။တရားဝင်မဟုတ်ပေမယ့် ပင်စင်ရ ဆရာတော်တော်များများ အဲ့လိုလုပ်ကြပါတယ်။
အခုလက်ရှိမှာ ပင်စင်တွေရဲ့အသက်ကို အကိုးအကားအဖြစ် ဆယ်တန်းအောင်လက်မှတ်ကမွေးသက္ကရာဇ်ကို အမှန်ယူတာပါ။ဒီမှာလည်း မြန်မာလူမျိုးရဲ့ထုံးစံ အသက်လိမ်ကျောင်းထားသူတွေ ရှိခဲ့တာကြောင့် အိမ်ထောင်စုဇယားကအသက် ၊ကျောင်းသက် ၊တကယ့်အသက် ကွာတာတွေလည်းအများအပြားပါပဲ။
ဆရာမဒေါ်မာမာမြင့်ကတော့ ဒါရဲ့သားကောင် တစ်ဦးဖြစ်သွားပါတယ်။ကျွန်တော်တို့ အင်တာဗျူးနေတုန်းမှာပဲ ဆရာမဆီကို ဖုန်းတွေဆက်တိုက်လာပါတယ်။အဆင်ပြေတဲ့အတွက် ၀မ်းသာကြောင်းလှမ်းပြောသူတွေအပါအ၀င် သတင်းငှာနတစ်ချို့ကပါဆက်ကြတာပါ။ဆရာမကလူချစ်လူခင်ပေါပုံပါပဲ။
သူ့တပည့်တွေက အဲ့ဒီငွေအတွက် စုပေါင်းလှူမယ်ဆိုတာအထိ ကမ်းလှမ်းလာခဲ့ပါတယ်။
“ပိုက်ဆံလေငါသားရယ်။ငါးဆယ်နေနေ ငါးထောင်နေနေ ဒါသူတို့ ရှာထားဖွေထားတာ ဆရာမမယူချင်ပါဘူး၊အခုလည်းအလှူရှင်တွေကို ပြန်ပိတ်နေရတယ်၊ဆရာမလျော်ရမယ့်ပိုက်ဆံလည်း ရပြီလေ၊အဲ့ဒါတွေမလိုတော့ပါဘူး”တဲ့။
ဆရာမကိစ္စအပေါ်သက်ဆိုင်ရာ အစိုးရနဲ့ ပညာရေးဝန်ကြီးငှာနက ဘယ်လိုထပ်ဆုံးဖြတ်မလဲမသိသေးပါဘူး။စာအသင်အပြကောင်းတဲ့ ကျန်းမာနေတဲ့၊ပိုင်ဆိုင်မှုဘာမှမရှိတဲ့ ဆရာမတစ်ယောက် အခုလိုဖြစ်ရတာ တိုင်းပြည်အတွက် နစ်နာရပါတယ်။
“တိုင်းမှူးကြီးကလိုတာရှိလည်းပြောပါတဲ့၊အိမ်တစ်လုံးလောက်တောင်းလိုက်မှထင်တယ်”ဆိုပြီး ဆရာမက ဟာသဖောက်ပါတယ်။
ဝမ်းနည်းပူဆွေးနေခဲ့ရတဲ့ ဆရာမမျက်နှာအစား ပေါ့ပေါ့ပါးပါးအပြုံးတွေ ပြန်မြင်ခဲ့ရပါပြီ။အခုလိုမျိုးတခြားသူတွေထပ်မဖြစ်ဖို့ လည်း ဆရာမက ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ကျွန်တော်ပြန်ဖို့ အတွက်ဆရာမကို နုတ်ဆက်ခဲ့လိုက်ပါတယ်။
မင်္ဂလာပါဆရာမ။
သွေးသစ်(VOM)
#voicofmyanmar #ဒေါ်မာမာမြင့် #ဆောင်းပါး