ဈေးဝယ်ပြီးပြန်လာတဲ့စက်လှေကို တပ်မတော်ပစ်ခတ်လို့ ရွာသားတစ်ဦး ထိခိုက်

 

မင်းပြား၊ မတ် ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဈေးဝယ်ပြီးပြန်လာတဲ့ စက်လှေတစ်စီးကို တပ်မတော်က ပစ်ခတ်လိုက်တဲ့အတွက် စက်လှေမောင်းလာသူမှာ ကျည်ထိဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲ့ဒီစက်လှေဟာ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း၊ ကုလားမတောင်ကျေးရွာကဖြစ်ပြီး စက်လှေပေါ်မှာ ရွာသား ၄ ဦးလိုက်ပါခဲ့တဲ့အနက် စက်လှေမောင်းနှင်သူ မောင်ဝင်းဌေ ၂၇ နှစ်ရဲ့ ခြေထောက်ကို ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။

“စစ်တပ်ကပစ်လို့ ဒဏ်ရာရရှိသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ရာမောင်တံတားနာမှာရှိတဲ့ အမ်းသားရွာကမ်းကနေ ပစ်တာပါ။ အဲ့ဒီကသူတို့စက်လှေကိုခေါ်တယ်လို့ပြောတယ်။ စက်သံနဲ့ဆိုတော့မကြားဘူးပေါ့။ ပြီးတော့ ခါတိုင်းလည်း ဒီလိုသွားနေကျဆိုတော့ သတိမထားတာလည်းဖြစ်နိုင်တယ်။ စက်လှေမရပ်လို့ဆိုပြီး ပစ်လိုက်တာလို့သိရပါတယ်။ ခြေထောက်မှာ ထိသွားတယ်။ ခန္ဓာကိုယ်မှာလည်းနည်းနည်းထိတာတွေရှိတယ်။”လို့ မင်းပြားမြို့ ဦးသိန်းစံကပြောပါတယ်။

အဲ့ဒီစက်လှေပေါ်မှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးပါပြီး မင်းပြားမြို့ကဈေးဝယ်ပြီးတော့ ပြန်လာတဲ့အချိန့်  မတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီနီးပါးလောက်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က မင်းပြားကနေ ဈေးဝယ်ပြီးပြန်လာတာပါ။ ဆိုင်ဝန် တွေဝယ်လာတာဖြစ်ပါတယ်။ စက်လှေက ရေလယ်ကနေ မောင်းနေတာပါ။ ခါတိုင်းလိုပေါ့။ အဲ့ဒီမှာသူတို့က ဝီစီမှုတ်ပြီးခေါ်တယ်လို့ပြောတယ်။ ကျွန်တော်တို့မကြားဘူး။ မရပ်လို့ တပ်ကမိုးပေါ်ထောင်ပြီးတော့ ပစ်တယ်လို့ပြောတယ်။ ကျည်က ကျွန်တော့်လှေနံမှာထိတယ်။ ပြီးတော့ ကျွန်တော့် ခြေထောက်ကို လာထိတာပါ။”လို့ ကျည်ထိဒဏ်ရာရရှိခဲ့သူ ကိုမောင်ဝင်းဌေကပြောပါတယ်။

ကမ်းကနေပစ်ခတ်လိုက်တဲ့ ကျည်က စက်လှေသမားကိုထိသွားတဲ့အတွက် ကမ်းကပ်စစ်ဆေးခံလာတဲ့ စက်လှေသမားတွေကို ရွာကိုပြန်သွားဖို့ခိုင်းတဲ့အတွက် ရွာကိုရောက်ပြီးမှ မင်းပြားဆေးရုံကိုဆေးကုသမှုခံယူဖို့အတွက် ပြန်လာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနေရာဟာ အရင်က လေးမြို့မြစ်ကြောင်းအတွင်း သွားလာနေတဲ့လှေသမားတွေကို စစ်ဆေးမှုတွေပြုလုပ်ခြင်းမရှိဘဲ အခုရက်ပိုင်းအတွင်းမှာ တပ်နဲ့ရဲတို့ပူးပေါင်းပြီးတော့ စစ်ဆေးတာတွေပြုလုပ်နေသလို တရားဝင်စခန်းဖွင့်လှစ်ပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ စက်လှေတွေကိုခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ မင်းပြားမြို့ခံ ဦးသိန်းစံကပြောပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #မင်းပြားမြို့နယ် #တပ်မတော်

Related posts

Leave a Comment

VOM News

FREE
VIEW