တစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ လောက်တိုးလာ

 

စစ်တွေ၊ မတ် ၂၇-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မတ်လတတိယအပါတ်အတွင်း မှာ စစ်ဘေးရှောင်ဦးရေ ၈၀၀၀ လောက်အထိ တိုးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်တွေက ဒေသခံကျေးရွာသား တွေဖြစ်ကြပြီး ကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်တာတွေ၊ လေယာဉ်နဲ့တိုက်ခိုက်တာတွေကြောင့် ကြောက်ရွံ့ပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

“ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်းမှာ တိုက်ခိုက်တာတွေရှိနေတယ်။ ဒါကြောင့် ကျေးရွာသားတွေက ကြောက်ရွံ့ပြီးတော့ ရွာမှာမနေရဲတဲ့အတွက် ထွက်ပြေးလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အတွင်းမှာ စစ်ဘေးရှောင်ဦးရေက ၈၀၀၀ လောက်အထိမြင့်တက်ခဲ့တာပါ။”လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ငါးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်သာရှိခဲ့ပေမယ့် မတ်လအတွင်းမှာ စစ်ဘေးဒဏ်ခံရတဲ့မြို့နယ် ခြောက်ခုအထိတိုးလာခဲ့ပြီး စစ်ဘေးရှောင်ဦးရ ၂၁၇၀၀ နီးပါးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ မနေ့ကညနေအထိ ကောက်ယူထားတဲ့ စာရင်းအရတော့ မြို့နယ်ခြောက်မြို့နယ်အတွင်းမှာ စစ်ဘေး ဒုက္ခသည်ဦးရေက ၂၁၆၉၈ ယောက်ရှိပါတယ်။ စခန်းအရေအတွက်က ၃၉ ခုဖြစ်ပါတယ်။ အဲ့ဒီစခန်းတွေမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်အရေအတွက်က ၁၅၆၁၈ ဦးပါ။ တိုက်ပွဲတွေအတွင်းမှာ ပိတ်မိနေပြီးတော့ စခန်းတွေကိုမရောက်နိုင်သေးတဲ့ ဒုက္ခသည်အရေအတွက်က ၆၀၈၀ ရှိပါတယ်။”လို့ ဦးဇော်ဇော်ထွန်းကပြောပါတယ်။

အခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ မြောက်ဦးနဲ့မင်းပြားမြို့နယ်အကြား ပန်းမြောင်းတိုက်နီးအနီးဝန်းကျင်နေရာ၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေကျေးရွာအနီးတဝိုက်နဲ့ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်အကြား ရေစိုးချောင်းကျေးရွာနဲ့ ရေခေါင်းချောင်းကျေးရွာ အနီးတို့မှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

အခုလိုမျိုး စစ်ဘေးရှောင်စခန်းတွေ များပြားလာနေသလို စစ်ဘေးရှောင်ဦးရေတွေလည်း မြင့်မားလာနေတဲ့အတွက် လိုအပ်တဲ့စားရေးသောက်ရေးအကူအညီတွေကို အစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ပုံမှန်ထေက်ပံ့မှုတွေ ပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့ပြောပါတယ်။

ဓါတ်ပုံ – Rakhine Ethnic Congress

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW