ရွှေဖက်စပ်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကနေ အလုပ်ရှင်၊ အလုပ်သမား ECစာချုပ် ချိုးဖောက်တယ်လို့  အလုပ်သမားတွေက သတင်းစာရှင်း

စဥ့်ကူး မတ် ၃၀-၂၀၉

သွေးသစ်(VOM)

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကံတောင်ကျေးရွာ၊ ရွှေညောင်ထောက်ရပ်ကွက်မှာ မတ်(၂၉)ရက် နေ့လယ်ပိုင်းက ထက်ရည်လင်း ရွှေဖက်စပ်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ အလုပ်သမားဥပဒေချိုးဖောက်မှုတွေ ရှိနေတယ်လို့  အလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဓိကအနေနဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် တွေကို နယ်တွေကို ရွှေ့ပြောင်းခိုင်းတဲ့အပေါ်အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကုမ္ပဏီဘက်ကနေ လူမှုဖူလှုံရေးကိစ္စတွေအပါအ၀င် အချိန်ပိုကြေးစတာ တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ခုံသမာဓိရှေ့မှာ ချုပ်ဆိုထားတဲ့စာချုပ်တွေကို သူတို့ ဖက်ကချိုးဖောက်တာတွေရှိတယ်။ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်လိုအပ်ချက်မရှိတဲ့နယ်ကို ပို့ပစ်တယ်။သမဂ္ဂပြိုကွဲအောင်လုပ်တယ်လို့ ထင်လို့ ကျွန်တော်တို့ ကမပြောင်းနိုင်ဘူးပြောတယ်၊အဲ့ဒီအတွက် ကျွန်တော်တို့ ကိုလုပ်ငန်းခွင်ထဲပေးမ၀င်တော့ဘူး”လို့ အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ကိုအောင်ကြည်မင်းကပြောပါတယ်။

ထက်ရည်လင်းကုမ္ပဏီအနေနဲ့ သူတို့ ကို တရားဝင်အလုပ်ထုတ်ပယ်ထားခြင်းမရှိပဲ လုပ်ငန်းလိုအပ်ချက်အရ ရွှေ့ပြောင်းခိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။အဲ့ဒီအငြင်းပွားမှုအတွက် အလုပ်သမားခုံသမာဓိအဖွဲ့မှာ နစ်နာကြေးကိစ္စတွေအတွက် ဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့က သူတို့သုံးဦးစလုံးကို အလုပ်ကနေမထုတ်ထားပါဘူး။ သူတို့ကိုလိုအပ်တဲ့နေရာမှာ ထားဖို့ သွားခိုင်းတာပါ။ သူတို့မသွားတော့ ရက်ပျက်လာတယ်။ နောက်မှ ဒီနေရာကိုပြန်လာတယ်။ ကျွန်တော်တို့က လိုအပ်တဲ့နေရာ တာဝန်ချထားပေးတာပါ။ အသင်းပြိုကွဲဖို့ဆိုတာ မဟုတ်ပါဘူး။ သူတို့တွေသည် အင်းဆရာတွေနဲ့ ဝန်မောင်းသူတွေပါ။သူတို့တောင်းဆိုတဲ့နစ်နာကြေးကိုလည်း ကျွန်တော်တို့ကပေးသွားဖို့ စီစဉ်ထားပါတယ်။ တစ်ယောက်ကို သူတို့လစာနှုန်းအတိုင်း ၉လစာနဲ့ အခြားခံစားခွင့်တွေပေးဖို့ရှိပါတယ်။ လူမှုဖူလုံရေးကိစ္စဆိုတာကလည်း လူမှုဖူလုံရေးကို မေးကြည့်ပါ မတ္တရာမြို့နယ်အထိပဲ စီမံချက်ရှိတယ်။ စဥ့်ကူးမြို့နယ်မှာမရှိသေးတော့ ကျွန်တော်တို့ ဘာမှလုပ်မရဘူး။ ဝန်ထမ်းအိမ်ရာကိစ္စက လူပျိုတွေအတွက် အဆောင်ပေးထားတယ်။ လူကများတော့ အိမ်ထောင်သည်တွေအတွက် လုပ်ပေးထားတာရှိပေမယ့် လိုအပ်တော့ရှိတာပေါ့။ နောက်ပိုင်းလုပ်ပေးသွားမှာပါ။ ECစာချုပ်ချုပ်နိုင်အောင်လည်း မြို့နယ်ကိုတင်ပြထားပြီးဖြစ်ပါတယ်။”လို့ ထက်ရည်လင်းကုမ္ပဏီရဲ့မန်နေဂျင်း ဒါရိုက်တာ ဦးမောင်ချစ်ကပြောပါတယ်။

အဲ့ဒီလိုအငြင်းပွားမှုကို အလုပ်ရှင် အလုပ်သမား ညှိနိုင်းဖြန်ဖြေရေး ခုံသမာဓိအဖွဲ့မှာ မပြေလည်တဲ့အတွက် တစ်ဦးချင်းအငြင်းပွားမှုအဖြစ်သတ်မှတ်ပြီး တရားရုံးကိုဦးတိုက်လျှောက်ဖို့ သာ စာထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

 

“ဒီကိစ္စက ဖေဖော်ဝါရီလကတည်းက စဖြစ်တာပါ။ အလုပ်သမားတွေအနေနဲ့မူလလုပ်ငန်းခွင်ပြန်လည်နေရာချထားပေးဖို့နဲ့ ကြားကာလနစ်နာကြေးပေးဖို့တို့ကို တောင်းဆိုတဲ့အပေါ်မှာ သုံးကြိမ်တိုင် ညှိနိုင်းပေးခဲ့တယ်။ ကုမ္ပဏီဘက်ကလည်း နေရာရွှေ့ပြောင်းမှုအပေါ်မှာ မူလနေရာကိုပြန်မခန့်နိုင်လို့ ဥပဒေနဲ့အညီ နို့တစ်ကြေးတစ်လစာ၊ အလုပ်ထုတ်နစ်နာကြေး၊ ကြားကာလနစ်နာကြေးနဲ့ အချိန်ပိုကြေးတို့ကိုပေးမယ်ဆိုပြီး ညှိနှိုင်းတယ်။ ဒါပေမယ့်အလုပ်သမားတွေဘက်က လက်မခံလို့ ပြေလည်မှုမရခဲ့ဘူး။ ဒါကြောင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေနဲ့ တစ်ဦးချင်းအငြင်းပွားမှုလို့ယူဆတဲ့အတွက် ဥပဒေအရကျေနပ်မှုမရှိတဲ့ဘက်က တရားရုံးကိုလျှောက်ထားဖို့ဆိုပြီး စာထုတ်ပြန်ပေးခဲ့တယ်။”လို့ စဥ့်ကူးမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့တော့ တရားစွဲဆိုသွားဖို့ မရှိပဲ သူတို့ ရဲ့တောင်းဆိုချက်တွေကို ရရှိဖို့ အတွက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အလုပ်နားထားရတဲ့ကြားကာလနစ်နာကြေးပြန်လိုချင်တယ်၊အချိန်ပိုကြေးတွေအတွက် ပြန်လိုချင်တယ်၊မှုလနေရာမှာ အလုပ်ပြန်ခန့်တာကိုလိုချင်တယ်၊အဲ့ဒါတွေမရရင်ဆန္ဒပြသွားမယ်”လို့ ကိုအောင်ကြည်မင်းကပြောပါတယ်။

#voiceofmyanmar #အလုပ်သမား #အငြင်းပွားမှု #အလုပ်သမားသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW