မတူပီမှာ လေပြင်းတိုက်လို့  ဘုရားကျောင်းနဲ့ လူနေအိမ် ၂၀ ကျော် ပျက်စီး

မတူပီ ဧပြီ ၁-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် မတူပီမြို့နယ်မှာ  မတ်လ ၃၁ ရက်နေ့  ညနက်ပိုင်းအချိန်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းတာတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်မှာတော့ မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ လူနေအိမ် ၂၅ လုံး အမိုးလန် ပျက်စီးခဲ့သလို ဘုရားကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးခဲ့တယ်လို့ မတူပီမြို့ဒေသခံတွေက ပြောပါတယ်။

 

လေပြင်းတိုက်ခတ်တာက ည ၁၁ နာရီ ၀န်းကျင်ခန့်ထဲက ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လေပြင်းတိုက်ခတ်တာကြောင့် စန်ဘောင်ရပ်ကွက်က လူနေအိမ် ၅ လုံး ၊ ခိုဘွေရပ်ကွက် မှာ လူနေအိမ် ၅ လုံး ၊ လောင်ဗန်းရပ်ကွက်မှာ လူနေအိမ် ၁၃ လုံး ၊ ငလားရပ်ကွက်မှာ လူနေအိမ် ၂လုံး

နဲ့ အရှေ့ခိုဘွေးရပ်ကွက် ဖုန်းတာဝါတိုင်အနီးက သစ်သာအုပ်ညှပ်နဲ့ တည်ဆောက်ထားတဲ့ တစ်ထပ် ဇိုတုန်ဘုရားကျောင်း ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။ ပြိုကျ ပျက်စီးခဲ့တဲ့ နေရာတွေကို ဒီနေ့ မနက်မှာတော့ မတူပီမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်တွေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ လိုက်လံရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။

 

“ညတုန်းက ဘုရားကျောင်းဆင်းတဲ့ အထိကတော့ ကြယ်တွေ တအားသာသေးတယ်။ ရုတ်တရက်ပဲ မကြာဘူး နာရီဝက် အတောအတွင်းကိုပဲ ဖြစ်သွားတာ။ တော်သေးတယ် ညက ဘုရားကျောင်းတက်ပြီး လူတွေ အိမ်ပြန်သွားကြတဲ့ အချိန်မှာမှ ဖြစ်လို့။ လူတွေကတော့ ထိခိုက်ဒဏ်ရာ ရတယ်လို့ သေဆုံးမှု ရှိတယ်လို့ မကြားရသေးဘူး”လို့  မတူပီမြို့ ငလားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆလောင်း က ပြောပါတယ်။

 

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ကလည်း မတူပီမြို့နယ်မှာ လေပြင်းတိုက်တာ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လူနေအိမ် ၁၂ လုံး အမိုးလန်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့သလို ဇန်န၀ါရီလ ၇ ရက်နေ့က တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့်လည်း မတူပီမြို့နယ် တွီရှစ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ) ရဲ့ စာသင်ဆောင် အဆောက်အဦးလည်း အမိုးလန် ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

#voiceofmyanmar #မတူပီ  #လေပြင်းတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW