နတ်မတောင်အမျိုးသားဥယျာဉ်မှာ  ခရီးသွားဧည့်သည် ၀င်ကြေးကောက်ရန်စီစဉ်

ကန်ပက်လက် ဧပြီ ၂-၂၀၁၉

မိုင်ချယ်ရီ (VOM)

 

ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းရှိ နတ်မတောင်(ခေါ်)ခေါနူးစုမ် အမျိုးသားဥယျာဉ် အတွင်း ၀င်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေထဲကနေ ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုလည်း ၀င်ကြေးကောက်ခံဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နတ်မတောင်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး က ပြောပါတယ်။

 

နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းကို ၀င်ရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ ထဲကနေ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီးတော့ လူတစ်ဦးကို မြန်မာငွေကျပ် တစ်သောင်း ကောက်ခံခဲ့ပါတယ်။ ဒီလို ကောက်ခံခဲ့ရာကနေ လာမယ့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကုန်လောက်ကနေ စပြီးတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေကိုလည်း  လူကြီးတစ်ဦးလျင် ငွေကျပ် တစ်ထောင် ၊ ၁၂ နှစ်အောက် ကလေးတစ်ဦးလျင် ငွေကျပ် ငါးရာ ကောက်ခံဖို့  ပြည်နယ်အစိုးရထံ ကို အစီအစဉ်တွေ တင်ပြထားပြီး ပြည်နယ်အစိုးရဆီကနေ ခွင့်ပြုချက်ရတာနဲ့ ကောက်ခံတော့မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

 

“ဒီနှစ်ပွင့်လင်းရာသီက ဧပြီ ဆိုရင် ခရီးသွားရာသီ ကုန်သွားပြီပေါ့နော်။ခရီးသွား ရာသီကုန်သွားပြီး ခရီးသွားမရှိတော့တဲ့ ကြားကာလမှာ စနစ်တကျလေးဖြစ်အောင် စီစဉ်ဆောင်ရွက်ဖို့ လျာထားတာ။ဥယျာဉ်ဝင်ကြေး ကောက်ခံခြင်းအားဖြင့် ဥယျာဉ်ထိန်းသိမ်းရေး လုပ်ငန်းမှာလည်း တစ်ဖက်တစ်လမ်းက နေ အထောက်အကူပြုတဲ့ ရံပုံငွေ ရရှိအောင်ရယ် ခရီးသွားတွေ အတွက် အထောက်အကူပြုတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ခုလို စီမံတာပါ” လို့ အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး က ပြောပါတယ်။

 

နတ်မတောင်(ခေါ်)ခေါနူးစုမ် အမျိုးသားဥယျာဉ်ဟာ ဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ပေပေါင်း တစ်သောင်းကျော်အထိ မြင့်ပြီးတော့ သတ်မှတ်ဧရိယာ ၁၇၆၂၀၂ ဧက ကျယ်ဝန်းပါတယ်။ ဒီတောင်ပေါ်မှာဆိုရင် ရှားပါး တောင်ဇလပ်ဖြူပင်တွေ ငှက်မျိုးစိတ်သစ်တွေ တွေ့ရှိရတဲ့ ဥယျာဉ်တစ်ခု ဖြစ်တာကြောင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား ၀င်ရောက်လည်ပတ်တဲ့ ဥယျာဉ်တစ်ခုလည်း ဖြစ်ပါတယ်။ဒီဥယျာဉ်ထဲကို ခရီးသွား ဧည့်သည် ၀င်ရောက်လည်ပတ်မှု အနေနဲ့ကတော့ ၂၀၁၈ ခုနှစ် အတွင်းမှာ ပြည်တွင်းခရီးသွားဧည့်သည် ဦးရေ ၁၅၀၀၀ ကျော် နဲ့ ပြည်ပခရီးသွားဧည့်သည် ဦးရေ  ၅၇၀ ကျော် ၀င်ရောက်လည်ပတ်ခဲ့ပါတယ်။

 

#vocieofmyanmar #နတ်မတောင် #ခေါနုစုမ်

Related posts

Leave a Comment

VOM News

FREE
VIEW