ညမထွက်ရအမိန့် ထုတ်ပြန်ရုံနဲ့တရားဥပဒေစိုးမိုးမှုမရရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေပြော

 

စစ်တွေ၊ ဧပြီ ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်ငါးမြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက်ညနေပိုင်းကစတင်ပြီး တော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒေသတည်ငြိမ်မှုမရှိဘူးဆိုပြီး ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ရတာဖြစ်ပေမယ့် ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေအရ အဲ့ဒီအမိန့်ကိုထုတ်ပြန်လိုက်တာကြောင့် တရားဥပဒေစိုးမိုးမှုကို ရရှိလာနိုင်မှာမဟုတ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။

 

“အခုဖြစ်နေတာက လူထုကြားထဲမှာ အချင်းချင်းဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အဖြေတစ်ခုမရနိုင်သရွေ့တော့ ၁၄၄ ပဲထုတ်ထုတ် ဘာပဲထုတ်ထုတ် တည်ငြိမ်အေးချမ်းလာမယ်လို့တော့ ကျွန်တော်မမြင်ဘူး။” လို့သူကပြောပါတယ်။

 

အခုလိုမျိုး ညမထွက်ရအမိန့်ကို ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီအမိန့်ကိုထုတ်ပြန်ရတာဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေရှိလာနေတဲ့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ညွှန်ကြားချက်မှာရေးသားထားတာဖြစ်ပါတယ်။

 

ဒါ့အပြင် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ ထိခိုက်မှုရှိမရှိဆိုတာထက် လတ်တလောမှာ ငါးရှားပြီးသက်မွေးဝမ်းကျောင်းနေသူတွေအတွက် စားဝတ်နေရေးထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မင်းပြားမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းကပြောပါတယ်။

 

“မင်းပြားမြို့ဟာ တစ်စုံတစ်ရာပြဿနာဖြစ်တာမရှိဘူး။ တည်ငြိမ်အေးချမ်းနေတာကို ပြဿနာထဲဆွဲထည့်လိုက်တယ်လို့ မြင်တယ်။ ၁၄၄ ရဲ့သဘောသဘာဝက နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုလို့ရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဲ့ဒီအမိန့်ကိုထုတ်ပြန်ပေးဖို့အတွက် တောင်းဆိုတဲ့အခါမှ ထုတ်ပြန်ရမှာဖြစ်တယ်။ အခုဟာက မြို့နယ်ကတင်ပြတာ မဟုတ်ဘဲ အစိုးရကဒီနေရာကို ၁၄၄ ထုတ်ဖို့အတွက် တောင်းဆိုလို့ ထွက်လာရတယ်လို့သိရတယ်။ ဒါဟာ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။”လို့ ဦးလှအောင်သိန်းကပြောပါတယ်။

 

ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ညအချိန်တွေမှာ ဖြစ်တာများပြီး အဲ့လိုမျိုး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရင် လက်ရှိထုတ်ပြန်ထားတဲ့ ၁၄၄ အမိန့်ကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုထွက်ပြေး ပုန်းအောင်းဖို့အတွက် သွားလာလို့မရရှိဘဲ အခက်အခဲတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ မြို့နယ် ၆ မြို့နယ်ရှိပြီး အဲ့ဒီထဲက ဘူးသီးတောင်မြို့ဟာ ဘင်္ဂါလီအရေးပြဿနာကြောင့် ၁၄၄ ထုတ်ပြန်ထားတဲ့မြို့ဖြစ်တဲ့အတွက် ကျန်တဲ့ ငါးမြို့ကို  နှစ်လစီ ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ညမထွက်ရအမိန့် #ပုဒ်မ၁၄၄

Related posts

Leave a Comment

VOM News

FREE
VIEW