မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကားလမ်း နှောင့်ယှက်မှုများရှိသော်လည်း လုပ်ငန်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

ဟားခါး ဧပြီ ၃-၂၀၁၉

မိုင်ချယ်ရီ  (VOM)

ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့  အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့  အကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်း ဖောက်လုပ်နေတဲ့ စီမံကိန်းမှာ လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့ နှောင့်ယှက်ဖျက်စီးတာတွေ လုပ်နေပေမယ့် စီမံကိန်း ကို ပြီးစီးဆောင် ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။

အေအေလက်နက်ကိုင် အဖွဲ့ ဟာဆိုရင် ပလက်ဝမြို့နယ် တွင်းကင်းအလောင်းကျေးရွာ အနီးမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကားလမ်းအတွက် လမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆုထူးစံ ကုမ္မဏီက ၀န်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လမ်းလုပ်ဖို့ အသုံးပြုနေရတဲ့ ယာဉ်ယန္တရားတွေကို ဖျက်ဆီးတာတွေ ကို မတ်လ ၃၀ ရက်နေ့ က လုပ်ဆောင်ခဲ့ပါတယ်။

 

ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အလုပ်တွေ ဆက်မလုပ်နိုင်ကြပဲ နေရပ်ပြန်ကြတာတွေ ရှိနေတာကြောင့် လုပ်ငန်းစီမံကိန်းအချို့ ယာယီရပ်ဆိုင်းနေရပေမယ့် ဒီလုပ်ငန်းစီမံကိန်းကြီး ပြီးအောင် ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့    ဝန်ကြီး ဦးရွှေထီးအိုးက ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ခေတ္တသဘောမျိုး ရပ်ထားတာတော့ ရှိကောင်းရှိမယ်။ မနေ့ကပဲ အိန္ဒိယ သံအမတ်ကြီး နဲ့ ကျွန်တော်တို့ ရုံးချုပ်က ကိုယ်စာလှယ်ကြီးနဲ့ ညှိနှိုင်းတဲ့ အခါမှာ ဒီစီမံကိန်းကို ဘယ်လိုမှ အပျက်မခံနိုင်ဘူးလို့ ပြောပါတယ်။ အဲ့တော့ ဖြစ်တတ်တဲ့ နေရာ ဥပမာ သုံးမိုင် ပတ်လည် ၅ မိုင်ပတ်လည်ကို လုံခြုံရေး တင်းကြပ်စွာ လုပ်ပေးမယ်ဆိုပြီးတော့လည်း ကာကွယ်ရေးဝန်ကြီးကနေပြီးတော့ အရင်တုန်းက အမိန့်ရှိဖူးပါတယ်။ အဲ့ဒီတော့ လောလောဆယ် ရပ်ထားပေမယ့် စီမံကိန်းတစ်ခုလုံးတော့ ရပ်ဆိုင်းမှာ မဟုတ်ဘူး” လို့ ၀န်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။

ပလက်ဝ-ဇိုရမ်ပူ ကားလမ်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီးတော့ အိန္ဒိယနိုင်ငံ က တာဝန်ယူ ဖောက်လုပ်နေတာဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာဆိုရင် ၁၀၉ ကီလိုမီတာ ရှည်လျားပြီးတော့ ကီလိုမီတာ ၃၄ ကနေ ကီလိုမီတာ ၁၀၉ အကြားဟာဆိုရင် တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် လုပ်ငန်းလုပ်ကိုင်တာတွေကို မကြာခဏ ရပ်ဆိုင်းနေရတာတွေ ရှိပါတယ်။

ဒီလမ်းဟာဆိုရင် ကုလာတန်မြစ်ကူးတံတားနဲ့ တစ်ဆက်တည်း ဖောက်လုပ်တဲ့ လမ်းဖြစ်တာကြောင့် အနှောင့်အယှက် မရှိပဲ အမြန်ဆုံး ပြီးဆုံးဖို့ ဒေသခံတိုင်းရင်းသားတွေက မျှော်လင့်နေကြပါတယ်။

 

#voiceofmyanmar #ပလက်ဝ #ဦးရွှေထီးအိုး #အိန္ဒိယမြန်မာကားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW