သင်္ကြန်ပွဲတော်ကာလ ချင်းပြည်နယ်ရှိ ခိုင်ကမ်းဆင်စခန်းဖွင့်လှစ်ထားမယ်

 

ခိုင်ကမ်း- ဧပြီ ၅-၂၀၁၉

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် ခိုင်ကမ်းမြို့ အနီးမှာ ဖွင့်လှစ်ထားတဲ့ ခိုင်ကမ်း ဆင်စခန်းကို သင်္ကြန်ပွဲတော်ကာလ မှာ ခရီးသွားဧည့်သည် တွေ လာရောက် အပန်းဖြေနိုင်ဖို့ အတွက် ပိတ်ရက်မရှိ ဖွင့်လှစ်ထားမှာ ဖြစ်တယ်လို့ ခိုင်ကမ်းဆင်စခန်း တာဝန်ခံ ဦးတိုးချစ်မှူးပိုင် က ပြောပါတယ်။

“ဒီဇင်ဘာလ နောက်ပိုင်းမှာ လမ်းခင်းလိုက်တော့ စခန်းကို လူဝင်တော်တော် ကျသွားတယ်။လာရောက်လည်ပတ်သူတွေက ချောင်းထဲက ကျောက်တိုက်တဲ့ လမ်းအတိုင်း လာရတာဆိုတော့ အဆင်မပြေတော့ လူအ၀င်နည်းသွားတယ်။ဒီတော့ သင်္ကြန်တွင်းကို ပိုပြီးတော့ ဖွင့်မယ်လို့ ဆုံးဖြတ်တယ်။လမ်းလုပ်တဲ့ ကုမ္မဏီကလည်း သင်္ကြန်တွင်းကို လမ်းဖွင့်ပေးမယ်လို့ ပြောထားလို့ အဲ့တာကြောင့်။အဲ့တာဆိုရင်တော့ ခရီးသွား ဧည့်သည် ပိုလာလိမ့်မယ် ထင်တာပေါ့ ” လို့ သူကပြောပါတယ်။

ခိုင်ကမ်းဆင်စခန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေ စတင်ပြီးတော့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ချင်းပြည်နယ်မှာ ဆိုရင် တစ်ခုတည်းသော လည်ပတ်လို့ ရတဲ့ ဆင်စခန်း တစ်ခု ဖြစ်ပါတယ်။ဒီဆင်စခန်းမှာ ဆင်အထီး ၄ ကောင် ဆင် အမ ၃ ကောင် စုစုပေါင်း ၇ ကောင် ရှိပြီး ဆင်စီးခ အနေနဲ့ ပြည်တွင်း ခရီးသွားဧည့်သည် လူကြီးတစ်ဦးကို ၅ ထောင်ကျပ် ကလေးတစ်ဦးကို ၃ ထောင်ကျပ် နဲ့ ပြည်ပခရီးသွားဧည့်သည် တစ်ဦးကို ငွေကျပ် ၁ သောင်း သတ်မှတ်ထားပါတယ်။

ခိုင်ကမ်း ဆင်စခန်းဟာဆိုရင် စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ၁၅ မိုင် အကွာ မှာ ရှိပြီးတော့ ခိုင်ကမ်းမြို့ကနေ ၆ မိုင် အကွာ ဆီးယင်းသစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၃၈) မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ဒီဆင်စခန်း စတင်ဖွင့်လှစ်တဲ့ ဒီဇင်ဘာလကနေ စပြီး မတ်လ ကုန်အထိ စာရင်းတွေ အရ ဆင်စခန်းကို လာရောက်လည်ပတ်တဲ့ ဦးရေ ပြည်တွင်း ၇၀၀ ကျော် ရှိပြီး ပြည်ပ ၁၁ ဦး လာရောက်လည်ပတ်ခဲ့တယ်လို့ ခိုင်ကမ်းဆင်စခန်း မှတ်တမ်းတွေ အရ သိရပါတယ်။

#voiceofmyanmar #ခိုင်ကမ်းဆင်စခန်း #ချင်းပြည်နယ် #သင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW