စစ်ဘေးရှောင်ထောက်ပံ့ရေးအလှူခံအဖွဲ့ရဲ့ အလှူခံနေမှုကို  ရဲတပ်ဖွဲ့ ကဟန့်တားမှုပြုလုပ်

 

စစ်တွေ၊ ဧပြီ ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးမှာ ဒီကနေ့မနက်ပိုင်းက စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီမှုပြုလုပ်ပေးနိုင် ရေးအတွက် အလှူငွေကောက်ခံနေကြတဲ့ မျိုးဆက်ရင်သွီး ပရဟိတလူငယ်များအဖွဲ့ကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က ဟန့်တားမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေး အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးနဲ့ပတ်သက်လို့ အခုလိုစေတနာရှင်တွေဆီကနေ အလှူငွေတွေကောက်ခံမှု ပြုလုပ်နေကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့လူငယ်တွေစုပြီးတော့ စစ်ဘေးရှောက်တွေကို ထောက်ပံ့နိုင်ရေးအတွက် အလှူငွေတွေကောက်ခံနေတာပါ။ ကျွန်တော်တို့လျို့ဝှက် ကောက်ခံနေတာမဟုတ်ဘူး။ ဒါကို ထောက်ခံစာပါလား။ ခွင့်ပြုချက်ရှိလာဆိုပြီးတော့ မေးတယ်။ ဆက်မလုပ်ဖို့တားတယ်။ ကျွန်တော်တို့ကို ရဲစခန်းကိုခေါ်တယ်။ ထောက်ခံစာယူပေးရမှာလားမေးတော့လည်း ဘာမှရေရေရာရာမပြောဘူး။”လို့ အလှူငွေကောက်ခံတဲ့အဖွဲ့က ကိုမောင်ဝေကပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အလှူငွေကောက်ခံနေသူတွေကို တားဆီးမှုပြုလုပ်တာဟာ ခွင့်ပြုချက်မရှိဘဲ ကောက်ခံနေတဲ့အတွက် အခုလိုတားဆီးမှုတွေပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က ခွင့်ပြုချက်ကိုတောင်းတာ။ သူတို့မပြနိုင်ဘူး။ ဒါကြောင့်သူတို့ကို ပြန်ခိုင်းတာပါ။ အရေးယူဖို့လည်းမရှိပါဘူး။”လို့ ဟန့်တားတဲ့အဖွဲ့မှာပါဝင်တဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀၀ ကျော်တို့အတွက် နေရပ်စွန့်ခွာနေကြရတဲ့ လေးလတာကာလအတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အခုလိုကောက်ခံရရှိတဲ့အလှူငွေတွေနဲ့ ကျွေးမွေးနေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #ပရဟိတ

Related posts

Leave a Comment

VOM News

FREE
VIEW