စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံတဲ့အပေါ် တားဆီးခံရတာနဲ့ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန်

စစ်တွေ၊ ဧပြီ ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ ဧပြီလ ၆ ရက်နေ့မနက်ပိုင်းက စစ်ဘေးရှောင်တွေကို ကူညီပေးရေးအတွက် အလှူငွေကောက်ခံနေတဲ့ မျိုးဆက်ရင်သွီးပရဟိတအဖွဲ့ကို နယ်မြေခံရဲတပ်ဖွဲ့က တားဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ အလှူငွေကောက်ခံနေတဲ့ အဖွဲ့ကလူငယ်တွေကို တားဆီးမှုတွေပြုလုပ်ခဲ့တဲ့အပေါ်ရှုတ်ချကြောင်းနဲ့ အခုလို ဆက်လက်မပြုလုပ်ကြဖို့အတွက် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မနေ့ညနေပိုင်းမှာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

 

“စစ်ဘေးရှောင်ဦးရေ ၂၅၀၀၀ ကျော်လောက်ကို ပုဂ္ဂလိကအလှူရှင်တွေဆီကနေ အခုလို အလှူငွေတွေကောက်ခံပြီးတော့ ကျွေးမွေးလာတာ ရက်ပေါင်း ၁၀၀ ကျော်လာခဲ့ပြီ။ အခုမှ အလှူငွေမကောက်ခံရဆိုပြီး တားဆီးပိတ်ပင်တယ်ဆိုလို့ရှိရင် ဒီလူတွေအတွက် အစိုးရကအပြည့်အဝတာဝန်ယူပေးဖို့လိုပါတယ်။ အလှူမခံရလို့ တရားဝင်ထုတ်ပြန်ပေးပါ။”လို့ စစ်တွေမြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီနာယက ဦးသန်းထွန်းကပြောပါတယ်။

အဲ့ဒီကြေညာချက်မှာ အလှူငွေကောက်ခံမှုအပေါ် ရဲတပ်ဖွဲ့ရဲ့အခုလုပ်ရပ်ဟာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနဲ့ ညီညွတ်မှုမရှိ သလို မတရားတားဆီးကန့်ကွက်မှု၊ ရာဇဝတ်မင်းသောအနိုင်အထက်ပြုမှုတွေနဲ့ ငြိစွန်းနေတဲ့အတွက် အခုလိုလုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

 

“အခုလိုမျိုး အလှူငွေကောက်ခံတာကို တားဆီးမှုတွေလုပ်တယ်။ စခန်းကိုလိုက်ခဲ့ပါလို့ခေါ်တယ်ဆိုရင် အလှူငွေကောက်ခံနေတဲ့အဖွဲ့တွေလည်း စိုးရိမ်မှုတွေဖြစ်တယ်။ ပုဂ္ဂလိကအလှူရှင်တွေလည်း တွန့်ဆုတ်သွားနိုင်တယ်။ ဒါတွေဟာ AA ဘက်ကိုလည်းမပါ။ တပ်မတော်ဘက်ကိုလည်းမပါဘဲ သီးခြားရှိနေတဲ့ ဒုက္ခသည် ၂၅၀၀၀ ကျော်ကို သွားပြီးတော့ ဆိုးကျိုးတွေထိခိုက်လာနိုင်တယ်။ ဒါတွေဟာ ဘာသာရေးအရရော၊ ဥပဒေအရပါ မလုပ်သင့်ဘူးလို့မြင်ပါတယ်။”လို့ ဦးသန်းထွန်းက ဆိုပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ မြို့နယ်ခြောက်မြို့နယ်အတွင်းမှာ လူဦးရေ ၂၄၀၀၀ ကျော်အထိတိုးလာနေပြီး ထောက်ပံ့ကူညီပေးမှုတွေနည်းပါးနေတဲ့အတွက် အလှူရှင်တွေဆီက ရရှိတဲ့အလှူငွေတွေနဲ့ ရပ်တည်နေကြရတာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ပရဟိတ #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW