မင်းပြားမြို့လေးမြို့မြစ်အတွင်းမှာ ကြိုးချည်ထားတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိ

မင်းပြား၊ ဧပြီ ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ လေးမြို့မြစ်အတွင်းမှာ ခြေထောက်နှစ်ဖက်ကို ကြိုးချည်ထားတဲ့ လူသေအလောင်းတစ်လောင်း ကို ဒီကနေ့မနက် ၈ နာရီလောက်က တွေ့ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီအလောင်းဟာ လေးမြို့မြစ်အထက်ပိုင်းကနေ မျောလာတာဖြစ်ပြီး မင်းပြားမြို့မဈေးရဲ့ အရှေ့ဘက် ဦးစိုးတင့်ရပ်ကွက် ကင်းချောင်း၊ ချောင်းဝ ကမ်းပါးမှာ မှောက်လျက်တင်နေတာဖြစ်ပါတယ်။

“အလောင်းက ဦးစိုးတင့်ရပ်ကွက် ကင်းချောင်းဝမှာတင်နေတာပါ။ ယောက်ျားအလောင်းဖြစ်ပါတယ်။ အထက်ပိုင်းကနေ မျောလာတာဖြစ်ပါတယ်။ ကြိုးချည်ထားပြီးတော့ မှောက်လျက်ကိုရှိနေတာပါ။”လို့ မင်းမြားမြို့ခံ ဦးသိန်းဇံကပြောပါတယ်။

 

အဲ့ဒီအလောင်းမှာ ခြေထောက်နှစ်ဖက်ကို ကြိုးတွေနဲ့တုပ်ချည်ထားတာတွေကိုတွေ့ရတဲ့အတွက် လူသတ်ပြီးတော့ ရေထဲမှာမြှုပ်ထားတာကနေ ပြန်လည်ပေါ်လာပြီးတော့ မျောလာခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

“လောလောဆယ်မှာတော့ အလောင်းက ဒီရေတက်လာလို့ မြစ်ထဲမျောနေတဲ့အတွက် ပြန်ဆယ်ယူနေရပါတယ်။ လှေတွေနဲ့ မြစ်ထဲမှာဆယ်နေတုန်းပါပဲ။ အကျိုးအကြောင်းကတော့ ပြောလို့မရသေးဘူး။”လို့ မင်းပြားမြို့မရဲစခန်းမှူးက ပြောပါတယ်။

 

အလောင်းတွေ့ရှိတဲ့ မင်းပြားမြို့နယ်နဲ့ လေးမြို့မြစ်အထက်ပိုင်းမှာရှိတဲ့ မြောက်ဦးမြို့နယ်တွေဟာ လက်ရှိမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်တွေဖြစ်ပြီး အခုလို အလောင်းတွေ့ရှိရတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #မင်းပြားမြို့ #လေးမြို့မြစ်

Related posts

Leave a Comment

VOM News

FREE
VIEW