မလေးရှားကို လှေနဲ့ခိုးဝင်တဲ့ ရိုဟင်ဂျာ ၄၀ ကျော်ဖမ်းဆီးခံရ

ကွာလာလမ်ပူ ၊ ဧပြီ၉-၂၀၁၉

မျိုးဆက် (VOM)

မလေးရှားနိုင်ငံ မြောက်ပိုင်းမှာ ရိုဟင်ဂျာဒါဇင်နဲ့ချီ တွေ့ရှိပြီးနောက် ပင်လယ်ထဲမှာ ရိုဟင်ဂျာ ၂၀၀ လောက်တင်ဆောင်လာတဲ့လှေတွေရှိနေတယ်လို့ယုံကြည်ရကြောင်း မလေးရှားအာဏာပိုင်တွေက ဧပြီ ၈ ရက်မှာ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ၂၀၁၅ ခုနှစ်က လူကုန်ကူးမှုတွေကို အကြီးအကျယ်တိုက်ဖျက်ပြီးနောက် ပင်လယ်ရေလမ်းကြောင်းကတစ်ဆင့် လူကုန်ကူးတာတွေ နောက်ထပ်ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပြီး မကြာသေးမီလတွေအတွင်းကလည်း ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မလေးရှားနိုင်ငံကို လှေတွေနဲ့ ၀င်ရောက် လာဖို့ကြိုးစားမှုတွေ မြင့်တက်နေပါတယ်။

ဧပြီ ၈ ရက်မှာတော့ ဆန်ဂီဘီလာတီ ကမ်းခြေကိုရောက်ရှိလာတဲ့ အသက် ၁၄ နှစ်ကနေ ၃၀ နှစ်အရွယ်ကြားရှိတဲ့ ရိုဟင်ဂျာ အမျိုးသား ၄၁ ဦးကို ဆင်ပန်အမ်ပက်မြို့အနီးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ နောမူရှာမိုဟာမက်က ပြောပါတယ်။

လွန်ခဲ့တဲ့လကလည်း ထိုင်းနိုင်ငံနယ်စပ်အနီးက ပါလစ်ပြည်နယ်က ဆန်ဂီဘီလာတီ ကမ်းခြေကိုရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၃၅ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ နောမူရှာမိုဟာမက်ကတော့ ပင်လယ်ထဲမှာ ရိုဟင်ဂျာ ၂၀၀ လောက်တင်ဆောင်လာတဲ့ လှေတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

မလေးရှားရေးပိုင်နက်ထဲမှာ သူတို့ကိုတွေ့ရင်တော့ ကမ်းခြေကို ခေါ်ဆောင်လာမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောဆိုပြီး အဲဒီရိုဟင်ဂျာအုပ်စုဟာ မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်က လာတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ပြောပါတယ်။

Ref & Photo : Reuters

#voiceofmyanmar #နိုင်ငံတကာသတင်း #ခိုးဝင် #မလေးရှား

Related posts

Leave a Comment

VOM News

FREE
VIEW