လက်နက်အပြည့်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းမှာတပ်စွဲနေ

 

ဒါကာ၊ ဧပြီ-၉ ၊ ၂၀၁၉

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိပ်စပ်နေတဲ့ စိန့်မာတင်ကျွန်းမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်နက်တွေအများအပြားတပ်ဆင်ပေးထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ဧပြီ ၇ ရက်စပြီး တပ်စွဲထားလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ သံတမန်ရေးရာ တင်းမာမှုတွေဖြစ်ပေါ်စေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ထဲက အငြင်းပွားဖွယ် စိန့်မာတင်ကျွန်းမှာ ခြေမှုန်းရေးရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ ဒါဇင်ပေါင်းများသော တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေတားဆီးဖို့နဲ့ နယ်စပ်ကာကွယ်စောင့်ရှောက်ရေး သေချာစေဖို့ဖြစ်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဒုဗိုလ်မှူးကြီး ဆာခါမိုဟာမက်မူစတာဖီဇာရာမန်ကတော့ စိန့်မာတင်ကျွန်းပေါ်မှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်တာဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ဆိုပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ကျွန်းပေါ်မှာ ဒီလိုတပ်စွဲသင့်တယ်လို့ ကျွန်တော်တို့ နားလည်လာတယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံက မြေပုံအချို့မှာ စိန့်မာတင်ကျွန်းကို မြန်မာပိုင်နက်အဖြစ်ဖော်ပြနေတာကို ကန့်ကွက်ဖို့ ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြီး နှစ်လအကြာမှာ ကျွန်းပေါ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကျွန်းကို မြန်မာနိုင်ငံပိုင်နက်အဖြစ် မြန်မာအစိုးရ၀က်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြခဲ့လို့ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဆင့်ခေါ်ကန့် ကွက်ခဲ့ပါတယ်။

Ref : Straitstimes Photo : AFP

#voiceofmyanmar #နိုင်ငံတကာသတင်း #ဘင်္ဂလားဒေ့ရှ် #စိန့်မာတင်ကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW