ကြက်သွန်အထွက်နည်းပါးတာကြောင့် မုံရွာမြို့ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်

ဧပြီ ၉-၂၀၁၉

ရန်နိုင်စိုး (VOM)
အခုနှစ်မှာ ကြက်သွန် အထွက်နည်းပါးတာတွေနဲ့ ဈေးနှုန်းကျဆင်းတာတွေကြောင့် မုံရွာမြို့က ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။

အခုလိုအထွက်နည်းရတာဟာ ဒီနှစ် ရာသီဥတုဖောက်ပြန်မှုတွေကြောင့်ဖြစ်ပြီး ကြက်သွန်ဈေးမှာလည်း တပိဿာကို ၃၀၀ ကျပ် ဝန်းကျင်အထိ ကျဆင်းနေတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတာပါ။

” ဒီနှစ်က မုံရွာက ကြက်သွန်စိုက်တောင်သူအားလုံး အရှုံးပေါ်နေကြတယ်။စိုက်ပျိုးစရိတ်တောင် ပြန်မရကြတဲ့အပြင် တစ်ဧကကို ၃ သိန်းလောက်ထိ ရှုံးတယ်။ကြက်သွန်က အထွက်နည်းရတဲ့အထဲ ဈေးကထိုးကျနေတော့ ပိုဆိုးတာပေါ့ ။ တချို့ဆိုရင် ကိုယ်ပိုင်မြေမရှိတော့ မြေအငှားနဲ့စိုက်ကြတဲ့လူတွေက ပိုအထိနာတာပေါ့။ တစ်ဧကို မြေဌားခ ၆ သိန်းလောက်ရှိတယ်။ ငွေတိုးအကြွေးယူပြီး စိုက်ကြရတာ။ ဒါတွေ ကြေအောင်ဆပ်ကြရအုံးမှာ ” လို့ မုံရွာမြို့နယ် ရွာသစ်ကျေးရွာမှ တောင်သူ ဦးအောင်မြင့်က ပြောပါတယ်။

ကြက်သွန်မျိုးစေ့ ၁ ပြည်ကို ကျပ်ငွေ ၁ သိန်းနှုန်းနဲ့ပေးဝယ်ရပြီး ၁ ဧကို ကြက်သွန်မျိုးစေ့ ၃ ပြည်စိုက်ပျိုးကြရပါတယ်။

စုစုပေါင်းစိုက်ပျိုးစရိတ်မှာတော့ ၁ ဧကကို ၁၅ သိန်းလောက်ကုန်ကျပြီး မြေငှားစိုက်သူတွေအနေနဲ့ကတော့ ၁ ဧကကို သိန်း ၂၀ ကျော်ကုန်ကျမှာ ဖြစ်ပါတယ်။

” တောင်သူတွေအနေနဲ့က ၁ ပိဿာကို ကျပ် ၅၀၀ နှုန်းလောက်မှ သူတို့အတွက် ကျန်မှာပါ။အဲ့ဒီတော့ ဒီပေါက်ဈေးနဲ့ အဆင်မပြေတော့ဘူးပေါ့။ စိုက်စရိတ်ရအောင်လို့သာ လာရောင်းကြတာ။ အခုအရောင်းဝယ်ကတော့ သွက်သွက်လက်လက်မဟုတ်ပေမယ့် ခပ်အေးအေးပါပဲ ။ အခုလိုဈေးနှုန်းကျဆင်းတာလဲ နိုင်ငံခြားထွက်ပေါက်မရှိလို့ပဲလို့ ယူဆပါတယ် ” လို့ မုံရွာမြို့နယ် အက်တောကျေးရွာက ကြက်သွန်ပွဲရုံပိုင်ရှင် ဦးကမ်းငွေက ပြောပါတယ်။

မုံရွာမြို့မှာ အရင်နှစ်တွေက ကြက်သွန်စိုက် ၁ ဧကကို အနည်းဆုံး ပိဿာ ၅၀၀၀ ခန့် ထွက်ရှိပေမယ့် အခုနှစ်မှာတော့ ၁ ဧကကို ပိဿာ၂၅၀၀ နဲ့ ၃၀၀၀ ကြားသာ ရရှိကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #ကြက်သွန် #မုံရွာ #တောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW