သင်္ကြန်မတိုင်မီ မိမိနေရပ်ကို လုံလုံခြုံခြုံ ပြန်လာနိုင်ရေး ဘူးသီးတောင်က စစ်ဘေးရှောင်တွေက မြို့နယ်ထွေအုပ်ဆီ အကြောင်းကြားစာပို့

ဘူးသီးတောင်၊ ဧပြီ ၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

မကြာမီရက်ပိုင်းအတွင်းမှာ သင်္ကြန်ကျတော့မှာဖြစ်တဲ့အတွက် သင်္ကြန်မတိုင်မီ ကိုယ့်ရဲ့နေရပ်ကျေးရွာကို ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာသားတွေက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားစာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။

 

အခုလိုမျိုးအကြောင်းကြားစာ ပေးပို့ခဲ့တာဟာ ကျေးရွာမှာပြန်လည်သွားရောက်နေထိုင်ချိန်မှာ မှားယွင်းပစ်ခတ်မှုတွေမပြုလုပ်ရေးနဲ့ ကျေးရွာသားတွေ လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့ အတွက် အကြောင်းခြင်းဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

“အခုလောလောဆယ်ကတော့ အဲ့ဒီနေရာမှာ တိုက်ပွဲလည်းမရှိဘူး။ ပြီးတော့ သင်္ကြန်ကျတော့မှာဆိုတော့ ကိုယ့်ရွာမှာပဲ နေချင်ကြတယ်။ဒုက္ခသည်စခန်းမှာဆိုတာက မတတ်သာလို့နေနေကြရတာဖြစ်ပါတယ်။ ဒါကြောင့် ရွာပြန်ဖို့အတွက် မြို့နယ်ကိုအကြောင်းကြားတာပါ။ အဲ့ဒီမှာ ရွာကိုသွားနေတဲ့အချိန် AA အဖွဲ့တွေဆိုပြီး လာမပစ်ဖို့အတွက်ပါတာပေါ့။”လို့ ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

လက်ရှိမှာတော့ အဲရွာသားတွေထဲက တချို့ဟာ ကျေးရွာမှာကျန်ရှိခဲ့တဲ့ ကျွဲနွားတွေနဲ့ နေအိမ်တွေကို စောင့်ရှောက်ဖို့ အတွက် ပြန်နေကြပြီဖြစ်ကြောင်းနဲ့ မကြာခင်မှာ ရွာသားအားလုံးနေရပ်ပြန်ဖို့အတွက် ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ပြောပါတယ်။

 

“အဲ့ဒီရွာသားတွေထွက်ပြေးလာခဲ့တာက မတ်လ ၂၁ ရက်နေ့က ကျေးရွာကိုပစ်ခတ်ခံလိုက်ရလို့ ရွာသားတွေသေဆုံးတဲ့နေ့မှာပဲ ထွက်ပြေးလာခဲ့ကြတာပါ။ ရွာသားစုစုပေါင်း ၂၀၀၀ ကျော်ထွက်ပြေးနေတာဖြစ်ပါတယ်။ အခုသူတို့ပြန်ဖို့အတွက် မြို့နယ်မှာ ခွင့်ပြုချက်တောင်းတာမျိုးမဟုတ်ဘူး။ အသိပေးတာပါ။”လို့ ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

အဲ့ဒီကျေးရွာသား ၂၀၀၀ ကျော်တို့ဟာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာ စစ်ဘေးရှောင်ကယ်ဆယ်ရေးခစန်းနဲ့ ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #ဘူးသီးတောင်

Related posts

Leave a Comment

VOM News

FREE
VIEW