ပစ်ခတ်မှုတွေအကြား အရပ်သားတွေထိခိုက်မှုများလာတဲ့အတွက် ဘောင်းဒွတ် ရွာလုံးကျွတ်ထွက်ပြေး

မြောက်ဦး၊ ဧပြီ ၁၈-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုများပြားလာနေတဲ့ အတွက် ဘောင်းဒွတ်ကျေးရွာသားတွေ ကျေးရွာအတွင်းဆက်လက်မနေရဲတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေး နေကြရကြောင်း အောင်တပ်ရက်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
ဘောင်းဒွတ်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ ခမရ ၃၇၇ နဲ့ ခမရ ၃၇၈ တပ်ရင်းတွေရှိနေပြီး ပစ်ခတ်မှုတွေပြင်းပြင်းထန်ထန် ပြုလုပ်နေတဲ့အတွက် ကျေးရွာသားနှစ်ဦးကို မနေ့ညက ကျည်ထိဒဏ်ရာရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေရှိနေသလို ပစ်ခတ်မှုတွေဆက်လက်ရှိနေဆဲဖြစ်တဲ့အတွက် ကျေးရွာအတွင်း ညအချိန်မနေရဲကြဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
“အစကတော့ တစ်အိမ်ထောင် နှစ်အိမ်ထောင်လောက်ပဲ ထွက်ပြေးတာပါ။ မနေ့က ရွာသားနှစ်ယောက် ထိခိုက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ပိုဆိုးလာတယ်။ ဒါကြောင့် ဆက်မနေရဲတော့လို့ တစ်ရွာလုံး ထွက်ပြေးလာတာပါ။ အခုအောင်တပ်ရပ်ကွက်က ကယ်ဆယ်ရေးစခန်းကိုရောက်နေပါတယ်။”လို့ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။
အဲ့ဒီရွက်ပြေးလာခဲ့ကြတဲ့ ဘောင်းဒွတ်ကျေးရွာသားတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်ဒပ်၊ မြို့သစ်၊ အောင်မင်္ဂလာအပြင် ဒိုင်းကျီ၊ လက်ျာရွာတွေက နီးစပ်ရာဆွေမျိုးတွေဆီကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ရွာသားတွေကပြောပါတယ်။
“ကျွန်တော်တို့ ရွာသားတွေ မနက်ကတည်းက ထွက်ပြေးလာတာပါ။ ဘောင်းဒွတ်နဲ့ အောင်တပ်က သိပ်မဝေးဘူး။ ကားလမ်းလည်းရှိတယ်။ လမ်းကိုပိတ်ထားတယ်။ မသွားရဘူး။ ဒါကြောင့် ကျွန်တော်တို့ ရွာသားတွေက လှေတွေနဲ့ ချောင်းကနေလာခဲ့ကြတာဖြစ်ပါတယ်။”လို့ ထွက်ပြေးလာသူတွေကပြောပါတယ်။
ထွက်ပြေးလာခဲ့ကြသူတွေဟာ အောင်ဒပ်ရပ်ကွက်အတွင်းက အောင်စေတီ ကယ်ဆယ်ရေးစခန်း၊ မြို့သစ်ရပ်ကွက်က မြို့မဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစန်း၊ အောင်မင်္ဂလာရပ်ကွက်က နရတ်စားကယ်ဆယ်ရေးစန်းတွေမှာ ယာယီခိုလှုံနေကြတာဖြစ်တယ်လို့ အောင်တပ်ဒေသခံတစ်ဦးကပြောပါတယ်။
ဓါတ်ပုံ – နောင်ခိုင်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW