ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေအပေါ် တရားစွဲထားတာ ရုပ်သိမ်းပေးဖို့ HRW တိုက်တွန်း

 

ရန်ကုန်၊ ဧပြီ-၁၉၊ ၂၀၁၉

မျိုးဆက် (VOM)

တပ်မတော်ကို ဝေဖန်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင်တွေနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က မြန်မာတာဝန်ရှိသူတွေကို ဧပြီ ၁၈ ရက်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနှစ်သစ်ကူ သင်္ကြန်ကာလအတွင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အပေါ်မှာ သံချပ်ထိုးပွဲ ထုတ်လွှင့်ခဲ့ပြီးနောက် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်လေးဦးကို ရဲတပ်ဖွဲ့က ဧပြီ ၁၅ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီသံချပ်အဖွဲ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ ထုတ်လွှင့်ခဲ့တဲ့ သံချပ်မှာ နိုင်ငံရေးလောကမှာ တပ်မတော်ပါဝင်မှုကို ဝေဖန်ထားပြီး နိုင်ငံရေးကနေ ထွက်ခွာဖို့အချိန်တန်ပြီလို့ သံချပ်ထိုးခဲ့ကြပါတယ်ဖြစ်ပါတယ်။

မြန်မာတာဝန်ရှိသူတွေဟာ သရော်တဲ့ပုံစံနဲ့ ဝေဖန်တာကိုတောင် သည်းမခံဘူးဆိုတဲ့အချက်ကို သံချပ်အဖွဲ့ဝင် တွေကို ဖမ်းဆီးပြီး ပြသလိုက်တာဖြစ်တယ်လို့ HRW ရဲ့ အာရှဆိုင်ရာ ဥပဒေအကြံပေး Linda Lakhdhir ကကြေညာချက်မှာ ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို ဆက်သွယ်ရေးအက်ဥပဒေ ပုဒ်မ-၆၆(ဃ)နဲ့ တရားစွဲဆိုထားပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ဒါပေမယ့် တရားစွဲခံထားရတဲ့ သံချပ်အဖွဲ့ဝင်လေးဦးကို ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်မယ့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ အရလည်း ဆက်လက်တရားစွဲဆိုဖို့ တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သံချပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ကာကွယ်ပြောကြားခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းပေးထားကြောင်း၊ ဒါပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျင့်သုံးရာမှာ စည်းမျဉ်းတွေ၊ အကန့် အသတ်တွေရှိတယ်လို့ သူကပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ဟာ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့ အစည်း တစ်ရပ်ရပ်ကိုသော်လည်းကောင်း စော်ကားလို့ မရနိုင်ဘူး တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်း ဌာနသို့ ထုတ်ဖော်ပြောဆိုပါတယ်။

Ref : Reuters

#voiceofmyanmar #သံချပ် #HRW #ဒေါင်းတို့မျိုးဆက်

Related posts

Leave a Comment

VOM News

FREE
VIEW