ဆုံးရှုံးသွားတဲ့ သစ်ပင်သစ်တောတွေအစား ပြန်လည်ကုစားဖို့ သစ်ပင်စိုက်ပျိုးရေး ရန်ကုန်တိုင်းက စမယ်

နေပြည်တော် ဧပြီ ၂၂-၂၀၁၉

ဒီပ(နေပြည်တော်)

 

မြန်မာနိုင်ငံအတွင်း ဆုံးရှုံးသွားခဲ့တဲ့ သစ်ပင်သစ်တောများအစား ပြန်လည်ကုစားရန်အတွက် သစ်ပင်များစိုက်ပျိုးရေး ရန်ကုန်တိုင်းဒေသကြီးကနေ စတင်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်အခြေစိုက် အနာဂတ်အတွက် သစ်ပင်စိုက်သူများ(ယာယီ)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မျိုးသူက ပြောပါတယ်။

“အခုလိုစိုက်ပျိုးဖို့ ရည်ရွယ်ချက်ဖြစ်လာတာက ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲ့တဲ့လူတန်းစားက (၉၅)ရာခိုင်နှုန်းလောက်ရှိတယ် အဲယားကွန်းနဲ့မနေနိုင်တဲ့သူ အဲ့ဒီလိုလူတွေက အပူဒဏ်ကို ခံစားနေရတယ် ပြောရရင် အရိပ်အောက်မှာ အနားယူနိုင်တဲ့ အခြေအနေမရှိတဲ့သူတွေပေါ့ အဲ့ဒီလို အပူဒဏ်ခံစားနေရတဲ့ သူတွေရယ် ဆုံးရှုံးသွားတဲ့ သစ်တောတွေနေရာမှာ ပြန်ပြီးတော့ အစားထိုးနိုင်ဖို့နဲ့ စိုက်တဲ့သူဘက်က အင်အားများလာရင် ခုတ်တဲ့သူတွေဘက်က အလိုလိုရပ်တန့်သွားမယ်လို့ ခံယူချက်လည်း ရှိပါတယ်  ရန်ကုန်ကနေစမယ် ပြီးရင် အသင်းအဖွဲ့တစ်ခုရအောင်လျှောက်မယ် တစ်နိုင်ငံလုံးမှာ ဒီလိုအစုအဖွဲ့တွေ ထပ်ပြီးပေါ်လာဖို့ ရည်ရွယ်ချက်ရှိတယ် လူတန်းစားမျိုးစုံပါဝင်တယ် လာမယ့်တနင်္ဂနွေမှာ အစည်းအဝေးရှိတယ် အဖွဲ့အမည်ကတော့ အနာဂတ်အတွက် သစ်ပင်စိုက်ကြမယ်ဆိုတာ ယာယီရွေးထားတယ် စိုက်ပျိုးရေးပညာရှင် သစ်တောနဲ့လျှပ်စစ် ဌာနဆိုင်ရာတွေပါဝင်မယ် အငြိမ်းစားအဆင့် ညွှန်ကြားရေးမှုးနဲ့ ပညာရှင်တွေပါဝင်လိမ့်မယ် စုပေါင်းအကြံညဏ်တွေယူပြီးတော့ သစ်ပင်စိုက်မယ့် အစီအစဉ်ကိုသွားမယ်” လို့လည်း ဦးတင်မျိုးသူက ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး၊ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အနေနဲ့ ဒုတိယအမြင့်ဆုံး ခံစားနေရတဲ့ နိုင်ငံထဲမှာ ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ(MCCA)၏ လေ့လာမှတ်တမ်းများအရ သိရှိရပါတယ်။

၂၀၁၅ခုနှစ်ဒီဇင်ဘာလ တိုင်းတာချက်များအရ မြန်မာတစ်ပြည်လုံး၏ သစ်တောဧရိယာဖုံးလွှမ်းမှုသည် ၄၂ဒသမ ၉၂ရာခိုင်နှုံးမျှသာရှိလာပြီး ကုန်ခမ်းသွားတဲ့ ကွက်လပ်နေရာများစိုက်ပျိုးဖို့ ၂၀၂၇ခုနှစ်အထိ ဆယ်နှစ်စီမံကိန်းကို ချမှတ်ဆောင်ရွက်နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ အစိုးရ၏တစ်နှစ်တာကာလ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

“ကျွန်တော့သူငယ်ချင်းတွေနဲ့ အစုအဖွဲ့လေးလုပ်ထားတာ အမာခံအယောက်(၃၀)လောက်ရှိတယ် ဆက်သွယ်လာတဲ့သူက သုံးရက်လောက်မှာကို အယောက်(၅၀)ကျော်လာပါပြီ အဓိက ဆက်သွယ်လာတဲ့ သူတွေကတော့ အပူပိုင်းဒေသကလူတွေ တော်တော်များလာတယ် ဥပမာဆို ချောက်၊ရေနံချောင်း မကွေးမြို့ကပေါ့ အခြားပြည်နယ်ကသူတွေလည်း ပါဝင်နေပါတယ်”ဦးတင်မျိုးသူက ဆိုခဲ့ပါတယ်။

မိမိတို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး အဓိကအချက်အား ထောက်ပြမည်ဆိုပါက သစ်တောပြုန်းတီးမှုကြောင့် ဖြစ်လာရကြောင်း မိုးလေ၀သပညာရှင်ဦးထွန်းလွင်က သတင်းမီဒီယာများကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

 

ဒီလုပ်ငန်းစဉ်မှာ ပျိုးပင်ကလွဲပြီး တခြားအလှုခံတာတွေ ပြုလုပ်သွားရန်မရှိပဲ ရန်ကုန်တိုင်းကနေ အခြားတိုင်းနှင့်ပြည်နယ်များသို့ ချိတ်ဆက်ကာ အကူအညီ ပေးအပ်သွားမှာဖြစ်ပြီး ကနဦးအနေနဲ့ မြေနေရာရွေးချယ်မှု ပျိုးပင်များစုဆောင်းမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းများကို စတင်ဆောင်ရွက်နေပြီးတော့ ပြည်သူအများစုရဲ့ အင်အားနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

#voiceofmyanmar  #သစ်ပင်စိုက်ပျိုးရေး #ရန်ကုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW