တရုတ်နိုင်ငံကို အလုပ်သွားလုပ်ပြီး အဆင်မပြေလို့ ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စစ်ကိုင်းတိုင်းအစိုးရ တွေ့ဆုံထောက်ပံ့

မုံရွာ ဧပြီ ၂၃-၂၀၁၉

ဗျဂ္ဃ (VOM)

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်တွေကနေ လူခေါ်ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂၃ ယောက်ဟာ ဧပြီလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာပဲ မုံရွာမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ရောက်ရှိလာတဲ့ ၂၃ ယောက်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ နယ်လုံဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်နှ၊ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာတွေက မုံရွာမြို့ ပြည်သူ့အားကစားကွင်းမှာ လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

 

ဒါ့အပြင် တိုင်းအစိုးက ၁ ဦးကို ၁ သိန်းကျပ်စီ၊ လူမှုဝန်ထမ်းက ၂၄၀၀၀ ကျပ်နှင့် စားစရာ၊ အဝတ်အထည်တွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ပြုလုပ်ပေးခဲ့ပြီး မြို့နယ်ထွေအုပ်ကတဆင့် နေရပ်အသီးသီးကို ပြန်လည် ပို့ဆောင်ပေးခဲ့တာပါ။

 

“အစကတော့ ဂျင်းဘောင်းဘီစက်ရုံမှာ ၁ လကို ၆ သိန်းရမှာပြောပြီးခေါ်တယ်။ ဟိုမှာကျတော့ ပင်လယ်ကမ်းစပ်မှာ ရေဘဝဲတွေ၊ ခွေးသေ ရေခဲရိုက်ရတာတွေ နေ့ည လုပ်ရတယ်။ လုပ်အားခမရဘူး။ ဖုန်းတွေလည်း သိမ်းတယ်။ MPT မိတော့ ဆင်းကဒ်တွေဖြုတ်ပြီး ပြန်ပေးတယ်။ မပေးရင် ထိုးတယ်။ ၁ ရက်မှ ပေါက်စီ ၂ လုံပဲကျွေးတယ်။ တော်တော်ကို ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်ထပ် ကျွန်တော်တို့လို လူခေါ်ပွဲစားတွေကနေတဆင့် တရားမဝင် အလုပ်သွားလုပ်မယ့်သူတွေ ရှိရင်လည်း မသွားကြပါနဲ့။ မယုံကြပါနဲ့လို့ပဲ ပြောပါစေ။”လို့ နေရပ်ပြန်သူတဦးက ပြောပါတယ်။

 

ဒေသတွင်း အလုပ်အကိုင်ရှားပါးတဲ့အတွက် တရုတ်နိုင်ငံမှာ ရရာ အလုပ်လုပ်ဖို့ နယ်စပ်ကနေ လူခေါ်ပွဲစားတွေက တရားမဝင်အလုပ်သမား ပို့ဆောင်ပေးနေကြတာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ စစ်ကိုင်းတိုင်းအတွင်း ကနီ၊ မင်းကင်း၊ ကလေးမြို့နယ်တွေကသွားရောက်ပြီး ဇန်နဝါရီလကပြန်လာသူ ၆၀ ဦး၊ ဖေဖော်ဝါရီလမှာ ပုလဲမြို့နယ်က ၆ ဦးနှင့် အခု ၂၃ ဦး စုစုပေါင်း ၈၉ ဦး ရှိပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့ ဖြားယောင်းခဲ့တဲ့ လူခေါ်ပွဲစားအချို့ကိုတော့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ လူကုန်တား ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

 

#voiceofmyanmar #မုံရွာ #စစ်ကိုင်းတိုင်း #လူကုန်ကူး #တရုတ်ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW