ရိုဟင်ဂျာတွေကို ဆက်လက်ကူညီရေး ကုလထိပ်တန်းတာဝန်ရှိသူသုံးဦး ဘင်္ဂလားဒေ့ရှ်သွားမယ်

 

နယူးယောက်၊ ဧပြီ-၂၃-၂၀၁၉

မျိုးဆက်(VOM)

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ကူညီမှုတွေပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီသုံးခုက ထိပ်တန်းတာဝန်ရှိသူသုံးဦးဟာ ကော့ဘဇားဒေသက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့အတွက် လာမယ့်အပတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်တို့နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက နောက်ထပ်ထောက်ပံ့ကူညီမှုတွေအတွက် နည်းလမ်းတွေရှာဖွေဖို့ ဆွေးနွေးကြမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ့် သူတွေကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ၊ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ အကြီးအကဲ အန်တိုနီယိုဗစ်တိုရီနို နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနရဲ့ လက်ထောက်ဖြစ်သူ မာ့ခ်လိုကွတ်တို့ဖြစ်ကြတယ်လို့ ဒူဂျာရစ်က ဆိုပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ဧပြီ ၂၄ ရက်မှာ ရောက်ရှိကြမှာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် နိုင်ငံ အနောက်တောင်ပိုင်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဖို့ ကော့ဘဇားဒေသကိုသွားရောက်ကာ မုတ်သုန်ရာသီအတွက် ကြိုတင်ပြင်ဆင်မှု၊ စားနပ်ရိက္ခာဖြန့်ဖြူးတာနဲ့ အမိုးအကာတည်ဆောက်တာ တွေအပါအ၀င် စီမံကိန်းတွေကို သွားရောက်အကဲဖြတ်မှာဖြစ်ပါတယ်။

ကုလတာဝန်ရှိသူတွေဟာ UNHCR ၊ ဘင်္ဂလားဒေ့ရှ်အစိုးရတို့နဲ့အတူ ရိုဟင်ဂျာတွေကို ဒုက္ခသည်မှတ်ပုံတင်ရေး လုပ်အားပေးကြတဲ့သူတွေနဲ့ပါတွေ့ဆုံသွားမှာဖြစ်ပါတယ်။ ကော့ဘဇားဒေသမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေအနေနဲ့ အကူအညီအထောက်အပံ့ရရှိရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့အခွင့်အရေးတွေ ရရှိဖို့အတွက် သက်သေခံကဒ်ပြားတွေထုတ်ပေးဖို့အတွက် စာရင်းသွင်းတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

Ref :Bernama Photo : Zakir Hossain Chowdhury

#voiceofmyanmar #ရိုဟင်ဂျာ #UNHCR #ဘင်္ဂလားဒေ့ရှ်

Related posts

Leave a Comment

VOM News

FREE
VIEW