တောင်ကုတ်မှာ စခန်းမှူးကားနဲ့ ဆိုင်ကယ်တိုက် ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး

တောင်ကုတ်၊ ဧပြီ ၂၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ မနေ့ ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက တောင်ကုတ်မြို့မရဲစခန်းမှူး ကိုယ်တိုင်မောင်းနှင်လာတဲ့ကားနဲ့ ဆိုင်ကယ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီးတော့ ဆိုင်ကယ်သမားဟာ အဲ့ဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာမှာ တောင်ကုတ်မြို့ပေါ် လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ လျှပ်စစ်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့မိသားစုတွေပြောပြတာကတော့

 

“မနေ့က ကျွန်တော်ညက လျှပ်စစ်လမ်းကနေ လာတယ်။ သူကကိုယ့်လမ်းကိုသွားတာပါ။ အဲ့ဒီနားမှာ ကားလေး တစ်စီးက ရပ်ထားတယ်။ လမ်းကလည်းကျဉ်းတယ်။ စခန်းမှူးကားက အရှိန်နဲ့လာတယ်။ ဘရိတ်နင်းလိုက်တဲ့အခါမှာ ဆိုင်ကယ်က ရှေ့ဘီးထောင်တက်သွားတယ်လို့ပြောပါတယ်။ မှောက်သွားတယ်။ အဲ့ဒီမှာ စခန်းမှူးကားက သူ့ခြေထောက်ကို စပြီးတော့နင်းလိုက်တယ်။ သူကကားနင်းခံလိုက်ရတဲ့အတွက် နာပြီးတော့ ကုန်းထတဲ့အခါမှာ ကားက သူ့ရဲ့နဖူးကိုထပ်ပြီးတိုက်လိုက်တယ်။ ဦးထုပ်ကွဲပြီး နောက်စေ့က ကွန်ကရစ်လမ်းမပေါ်မှာ ဆောင့်ကျသွားတယ်။ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီး သေတာပါ။”လို့ သေဆုံးသူ ဦးမိုးကြိုးထွန်းရဲ့ အစ်ကို ဦးထွန်းဝေကပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “မနေ့က ကားနဲ့ဆိုင်ကယ်တိုက်တယ်ဆိုတာဟာ မဟုတ်ပါဘူး။ လူတွေက ဖွနေကြတာပါ။ သူ့ဟာသူဖြစ်သွားတာဖြစ်ပါတယ်။ ဆိုင်ကယ်သမားက မူးနေတယ်။ ကားနဲ့ဘာမှမဆိုင်ဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။”လို့ တောင်ကုတ်မြို့မရဲစခန်းက ပြောပါတယ်။

 

ဦးမိုးကြိုးထွန်း ယာဉ်တိုက်ခံရပြီးသေဆုံးသွားရတာနဲ့ပတ်သက်လို့ မိသားစုတွေဘက်ကလည်း အမှုဖွင့်တိုင်ကြားထား တယ်လို့ ဦးထွန်းဝေကပြောပါတယ်။

 

“ကျွန်တော်တို့လည်း ဖြစ်ပြီးလို့မိနစ်ပိုင်းအတွင်းမှာ သတင်းကြားတာနဲ့ လိုက်သွားတယ်။ အဲ့ဒီနေရာမှာ အလောင်းမရှိတော့ဘူး။ သွေးကွက်တွေကို ထုံးမှုန့်တွေနဲ့ဖုံးနေကြတယ်။ ချက်ချင်းကိုလုပ်နေကြတာ။ လက်စက်ဖျောက်တဲ့သဘောပေါ့။ ကျွန်တော်တို့ဆေးရုံသွားတော့ အလောင်းကမတွေ့ဘူး။ ရဲစခန်းသွားလည်းမတွေ့ဘူး။ နောက်တစ်ခေါက်ဆေးရုံကိုသွားမှ ရင်ခွဲရုံထဲမှာ သွားတွေ့တာ။”လို့ ဦးထွန်းဝေကပြောပါတယ်။

 

ကားနှင့်ဆိုင်ကယ်ဆိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးသွားတဲ့ကိစ္စမှာ ကားမောင်းလာခဲ့တဲ့ ရဲစခန်းမှူးဘက်ကလည်း အမှုဖွင့်ထားသလို သေဆုံးသူတွေဘက်ကလည်း အမှုဖွင့်ထားတာဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ကားကို မောင်းနှင်လာခဲ့တဲ့ ရဲစခန်းမှူးကိုတော့ အရေးယူဆောင်ရွက်တာမတွေ့ရသေးဘူးလို့ ဦးထွန်းဝေကပြောပါတယ်။

 

#voiceofmyanmar #တောင်ကုတ် #ရခိုင်ပြည်နယ်  #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW