ရွာငံမြို့နယ်မှာ လေပြင်းနဲ့အတူ မိုးသီးကျလို့  စိုက်ပျိုးသီးနှံတွေနဲ့ လူနေအိမ်တွေပျက်စီးမှု သိန်းလေးထောင်နီးပါးရှိနိုင်

နေပြည်တော်၊ ဧပြီ၂၅-၂၀၁၉

ဒီပ(နေပြည်တော်)

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှာ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းက လေပြင်းကျရောက်မှုနဲ့အတူ မိုးသီးများကြွေကျမှုကြောင့် သီးနှံပင်များစွာနဲ့အတူ လူနေအိမ်သွပ်မိုး အများအပြား ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။

ယင်းမြို့နယ်မှာ လွန်ခဲ့သောနှစ်(၃၀)ခန့်က တစ်ကြိမ်တစ်ခါ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ၂၀၁၆ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှာတစ်ကြိမ် လေပြင်းကျရောက်မှုကြောင့် ပျက်စီးမှုများခဲ့ရပြီး အခု၂၀၁၉ခုနှစ် ဧပြီ(၂၃)ရက်နေ့မှာညလ်း လေပြင်းကျရောက်မှုနဲ့အတူ မိုးသီးများကြွေကျမှုကြောင့် လူနေအိမ်သွပ်မိုး အများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

“ဧပြီ(၂၃)ရက်နေ့ ညနေပိုင်းမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးသီးကြွေကျတယ် ရပ်ကွက်နဲ့ကျေးရွာ အိမ်ခြေစုစုပေါင်း (၁၉၂၅)အိမ်နဲ့ သွပ်အချပ်ရေပေါင်း (၆၉၅၂၄)ချပ်ပျက်စီးခဲ့တယ် ဆုံးရှုံးမှုကို ပြန်ကြည့်မယ်ဆိုရင် သိန်းပေါင်း(၃၇၀၀)ကျော်ရှိမယ်”လို့ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာအနှံ့ ဆယ်စုနှစ်ကာလ(သို့) ရာစုနှစ်ချီ၍ ပြောင်းလဲသွားတဲ့ ရာသီဥတုဖြစ်စဉ် (Climate Change)ကြောင့် မြန်မာနိုင်ငံရဲ့ အသားတင်ရငွေ ၂ဒသမ၅၅ရာခိုင်နှုန်းဟာ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနေရတယ်လို့  မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့ရဲ့လေ့လာမှတ်တမ်းများအရ သိရပါတယ်။

 

သီးနှံများထိခိုက်မှု စာရင်းများအရ ကျေးရွာအုပ်စု(၆)အုပ်စုတွေမှာ တောင်သူ(၆၂၉)ဦးရဲ့ ထောပတ်၊ကော်ဖီ သရက်၊လ္ဘက်နဲ့ ဟင်းသီးဟင်းရွက်အပါအ၀င် ဒညင်း၊လိမ္မော်ပင်များ ပျက်စီးမှုများစွာရှိခဲ့ရာ သီးနှံဧက(၉၈၂ဒသမ၉၅)ခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

“အခုဖြစ်စဉ်ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးလည်း လာသွားတယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လုပ်ရေးနဲ့ ကျွန်တော်တို့ဒေသက အပူပိုင်းနဲ့လည်း နီးစပ်နေတော့ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့ ဆွေးနွေးကြတယ် အခုလို လေပြင်းတွေတိုက်ပြီး မိုးသီးတွေ ကြီးကြီးမားမားကျတာကလည်း သစ်တောတွေ ပြုန်းတီးသွားမှုကြောင့်လည်း ပါတာပေါ့”လို့လည်း လွှတ်တော်ကိုယ်စားလှယ်က မီဒီယာများကို ပြောပါတယ်။

၂၀၁၈-၂၀၁၉ခု၊ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီးတော့ သဘာဝဘေးအန္တရာယ်ကို အလျင်အမြန်တုံ့ပြန်နိုင်ဖို့နဲ့  အဆင်သင့်ပြင်ဆင်ထားနိုင်ရေးအတွက် ကျပ်သန်းပေါင်း(၁၄၁၀၂ဒသမ၅၄၀)ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဇူလိုင်(၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်စား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တင်ပြတောင်းခံထားကြောင်းလည်း သိရှိရပါတယ်။

#voiceofmyanmar #ရှမ်းပြည်နယ် #ရွာငံ #မိုးသီးကျ #လေပြင်းကျ

ဓါတ်ပုံ မူလပိုင်ရှင် မည်သူမည်ဝါဆိုတာမသိတာမို့ နာမည်တပ်ပြီး ခရက်ဒစ်မပေးနိုင်တာကို နားလည်ပေးနိုင်ပါရန် မူလပိုင်ရှင်ကို  ဗီအိုအမ်မှ  အနူးအညွတ်ကြိုတင်တောင်းပန်အပ်ပါသည်။

Related posts

Leave a Comment

VOM News

FREE
VIEW