မြောက်ဦးက သံသယနဲ့ဖမ်းဆီးခံနေရသူတွေသေဆုံးမှု သံသယဖြစ်နေ

စစ်တွေ၊ ဧပြီ ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် လက္ကာကျေးရွာက သံသယနဲ့ဖမ်းဆီးသွားတဲ့ ဒေသခံ ၂၇ ဦးတို့ထဲက စစ်ကြောရေးကာ လအတွင်းမှာ သေဆုံးသွားသူ ၃ ဦးရှိခဲ့ပြီး အဲ့ဒီလူတွေသေဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တပ်မတော်နဲ့ အစိုးရတို့ဘက်က မိသားစုတွေကို အလောင်းအပ်နှံခဲ့ခြင်းမရှိခဲ့သလို အကြောင်းကြားခဲ့ခြင်းလည်း မရှိခဲ့တဲ့အတွက် သံသယဖြစ်နေကြတာဖြစ်ပါတယ်။

 

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူတွေဟာ ဘာကြောင့်သေဆုံးသွားတယ်၊ ရုပ်အလောင်းတွေကို ဘာတွေလုပ်ပစ်တယ်၊  ကျန်ရှိနေသူတွေကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ မိသားစုတွေနဲ့ တွေ့ခွင့်ရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

 

အစိုးရဖွဲ့ကတော့ သေဆုံးသူ ၃ ဦးမှာ တစ်ဦးက နှလုံးရောဂါနဲ့သေဆုံးသွားတာဖြစ်ကြောင်း၊ တစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားကြောင်းနဲ့ နောက်ထပ်တစ်ဦးမှာ ဆေးစွဲနေသူဖြစ်တဲ့အတွက် ဆေးပြတ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောဆိုပေမယ့် မိသားစုတွေဘက်ကတော့ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် သေဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာမိသားစုတွေဆီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကနေ အကြောင်း ကြားခဲ့ပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖုန်းမကိုင်တဲ့အတွက် မိသားစုတွေနဲ့ အဆက်အသွယ်မရရှိခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ်မှာ ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဒီကိစ္စအပေါ်မှာ လွှတ်တော်အသိုင်းအဝိုင်းကတော့ လက်ခံနိုင်စရာအကြောင်းမရှိကြောင်းနဲ့ ဘယ်လိုကြောင့်ပဲသေသေ သက်ဆိုင်ရာမိသားစုတွေကို အလောင်းအပ်နှံခြင်းမရှိဘဲ အခုလိုသင်္ဂြီုလိုက်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့အတွက် ပြန်လည်စစ်ဆေးမှုတွေပြုလုပ်ပြီး တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လိုအပ်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #သံသယ

Related posts

Leave a Comment

VOM News

FREE
VIEW