နှစ်စဉ်ခွေးရူးပြန်ရောဂါနဲ့ သေဆုံးမှုတွေရှိနေဆဲ

ရန်ကုန် ၊ဧပြီ ၂၇-၂၀၁၉

TGH(VOM)

ခွေးကိုက်ခံရပြီး ချက်ခြင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံမှုတွေ မပြုလုပ်ဘူးဆိုရင် ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးတာတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က သတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ခွေးကိုက်ခံရမှု အကြိမ်ရေများပြားခဲ့ပြီး လူကြီးမိဘတွေကို အသိမပေးခဲ့ရာကနေ အချိန်လွန်ကာ ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

“ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားတဲ့သူတွေရှိတယ်။ သေသွားသူတွေရဲ့ နောက်ကြောင်းကိုမေးကြည့်တဲ့အခါမှာ အသိနောက်ကျတာ ၊ ဆေးရုံးအလာနောက်ကျ ၊ဆေးထိုးနောက်ကျတာတွေကြောင့်သိရတယ်။ ခုနောက်ပိုင်း ခွေးကိုက်ခံရတဲ့ လူနာနှုန်းကတော့ ပိုများလာတယ်။ ဒါပေမယ့် ခွေးရူးပြန် ရောဂါကြောင့်သေဆုံးနှုန်းကတော့ လျော့လာတယ်လို့ ပြောလို့ရတယ် ။ခွေးကိုက်တယ်ဆိုရင် အမြန်ဆုံး ၊ အချိန်မလွန်ခင် ကာကွယ်ဆေးသွားထိုးပါ။ တကယ်လို့ ဆေးမထိုးဖြစ်ဘူးဆိုရင် ဒါထက်မက အသက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။ ခွေးကိုက်လိုက်ရင် ခွေးရူးလား ကောင်းလား ပြောရခက်တယ်။ ဘာပဲဖြစ်ဖြစ် ရောဂါရှိတဲ့ခွေးကိုက်တယ်လို့ ယူဆပြီး ဆေးထိုးပေးတယ်။ ဆေးဆိုတာ စောစောထိုးနိုင်ရင်ကောင်းတယ်။ နောက်ကျမှရောက်လာရင် ရောဂါပိုးက သွေးထဲရောက်သွားပြီ။ ပျံ့နှံ့ပြီးချိန်မှ ဆေးထိုးတာ့ ကာကွယ်နိုင်မှုနည်းသွားတာပေါ့။ “လို့ ဒေါက်တာထွန်းတင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာဆိုရင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူ ပေါင်း ၇၀ ခန့်ရှိခဲ့ပြီး သတင်းပို့ လူနာပေါင်း ကတော့ ၂ သိန်းဝန်းကျင်ရှိခဲ့တယ်လို့ ၄င်းကထပ်မံပြောပြပါတယ်။

ခွေးကိုက်ခံရတာနဲ့ပတ်သက်လို့  အဆင့် ၃ ဆင့်သတ်မှတ်ထားရာ ခွေးတစ်ကောင်က   လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ ထိတွေတာကို အဆင့် ၁ သတ်မှတ်ထားပါတယ်၊  ခွေးကိုက်ခံရတဲ့ လက္ခဏာတွေ့ရှိတာကို အဆင့် ၂ သတ်မှတ်ပြီး ခွေးကိုက်ခံရတဲ့ ဒဏ်ရာ နက်ခြင်း ၊ ဒဏ်ရာကြီးမားခြင်း ၊ သွေးထွက်များတာ တွေကိုတော့ အဆင့်သုံးအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

အဆင့်  ၃သတ်မှတ်ခံရတဲ့ ခွေးကိုက်လူနာတွေကို   အသားထဲခွေးရူးပြန်ကာကွယ်ဆေးအသားထိုးရုံတင်မက ခွေးရူးပြန်ရောဂါပိုးကို တစ်ခါတည်းသတ်တဲ့  ပဋိပစ္စည်းကို ခွေးကိုက်ခံရတဲ့ အနာပတ်ပတ်လည်မှာပါ ထိုးပေးတယ်လို့ဆိုပါတယ်။ဒါကြောင့် ခွေးကိုက်ခံရတာနဲ့တစ်ပြိုင်နက်  အချိန်မီလာကုသမှုခံယူမှသာ ခွေးရူးပြန်ရောဂါကြောင့် အသက်သေဆုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမြန်မာတစ်နိုင်ငံလုံးအတိုင်းအရဆိုရင် ခွေးကိုက်ခံရမှုဖြစ်စဉ်အများဆုံးက  ရန်ကုန်တိုင်းမှာဖြစ်ပွားနေတယ်လို့သိရပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရမှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ  ခွေးကိုက်ခံရသည့် လူနာများကို ကုသပေးမယ့် Dog Bite Center ဖွင့်လှစ်သွားမယ်လို့သိရပါတယ်

” နယ်တွေမှာလည်း ဆေးထိုးရမယ်ဆိုတဲ့အသိရှိလာကြပြီ။ ဒါကြောင့် ဆေးတွေ အချိန်မီမရတာတွေရှိခဲ့တယ်။ ခွေးကိုက်ခံရတာနဲ့စောစောတော့ ကျန်မာရေးဌာနကို လာပြီးဆောင်ရွက်ဖို့လိုပါတယ် ။ခွေးရူးပြန်ကြောင့်သေဆုံး မှုကတော့ နှစ်တိုင်းရှိနေဆဲဖြစ်တယ်”လို့ ဒေါက်တာထွန်းတင်က ဆိုပါတယ်။

လက်ရှိမှာ ခွေးရူးပြန်ကာကွယ်ဆေးကို ကြွက်သားထဲ ထိုးနှံခြင်းအစား အရေပြားထဲ ထိုးနှံခြင်းကို လုပ်ဆောင်နေပါတယ်။ အဲဒီနည်းလမ်းနှစ်ခုစလုံးက အကျိုးအာနိသင်အတူတူပဲဖြစ်ပေမယ့် အရေပြားထဲ ထိုးနှံခြင်းက ဆေးသုံးရတဲ့ ပမာဏနည်းတာကြောင့် ဆေးအလေအလွင့်ဖြစ်မှုကိုလည်းလျော့ချနိုင်သလို ဆေးဝယ်ရတဲ့ကုန်ကျစရိတ်ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။ ဒီနည်းလမ်းကို တခြားပြည်ပနိုင်ငံ တော်တော်များများမှာလည်း ကျင့်သုံးနေပြီလို့သိရပါတယ်။

 

#voiceofmyanmar #ခွေးရှူးပြန်ရောဂါ

 

Related posts

Leave a Comment

VOM News

FREE
VIEW