အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.David Hale ရခိုင်ပြည်နယ်ခရီး ဘာတွေလုပ်ခဲ့သလဲ

စစ်တွေ၊ မေ ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.David Hale နဲ့အဖွဲ့တို့ဟာ မေလ ၂ ရက်နေ့ကနေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

အဲ့ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေးနဲ့ပတ်သက်လို့ အခုလိုလာရောက် လေ့လာမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်တွေမြို့ပေါ်အောင်မင်္ဂလာရပ်ကွက်က ဘင်္ဂါလီတွေနဲ့တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့လည်း တွေ့ဆုံတွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကတွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းရင်းကို ပြောပြတာက

 

“သူတို့ပြောတာက အဓိကအကြောင်းအရာ နှစ်ခုပါပဲ။ ပထမက ဘင်္ဂါလီတွေကိစ္စပါ။ နောက်တစ်ခုက AA နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စဖြစ်ပါတယ်။ ဒီနှစ်ခုကိုပဲ ဆွေးနွေးသွားတာပါ။ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ဖို့ အခြေအနေတွေက ဘယ်လိုရှိလဲဆိုတာကို မေးမြန်းတယ်။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက် ဖြေကြားပေးလိုက်ပါတယ်။”လို့ ပြောကြားပါတယ်။

 

ဒါ့အပြင် ဘင်္ဂါလီတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ ဘင်္ဂါလီတွေဘက်က စားရေးသောက်ရေးအခက်အခဲ ဖြစ်နေတဲ့အတွက် အောင်မင်္ဂလာရပ်ကွက်က လူဦးရေ ၄၀၀၀ ကျော်တို့အတွက် WFP အနေနဲ့ ရိက္ခာထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့ တင်ပြတောင်းဆိုလိုက်တာဖြစ်ပါတယ်။

 

“၂၀၁၂ ခုနှစ် ပြဿနာဖြစ်ကတည်းကနေ ကျွန်တော်တို့ဟာ စားဝတ်နေရေး အခက်အခဲတွေဖြစ်နေတယ်။ တရားဝင်ဒုက္ခ သည်စခန်းမဟုတ်တဲ့အတွက်ကြောင့် WFP ကလည်း အကူအညီမပေးဘူး။ ဒါကြောင့်မို့လို ကျွန်တော်တို့ရပ်ကွက်မှာရှိတဲ့ လူဦးရေ ၄၀၀၀ ကျော် ရိက္ခာရရှိဖို့အတွက် တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိတဲ့သူကို တင်ပြပေးမယ်လို့တော့ ပြောသွားပါတယ်။”လို့ တွေ့ဆုံဆွေးနွေးရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းကပြောပါတယ်။

 

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ပြေလည်မှုရရှိရေးအတွက် လုပ်ဆောင်ဖို့လိုအပ်နေတဲ့ အချက်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့အတွက်လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဘက်က တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်လို့ ဦးစံကျော်လှက ပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #အမေရိကန် #အမေရိကန်နိုင်င်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr.David Hale

Related posts

Leave a Comment

VOM News

FREE
VIEW