ကလေးမြို့မှာ ရာသီဥတု ပုံမမှန်ခြင်းကြောင့် တွင်းရေများ ခမ်းခြောက်

ကလေး မေ ၃၊ ၂၀၁၉

မိုင်ချယ်ရီ- ( VOM)

 

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အတွင်းမှာရှိတဲ့ တွင်းရေတွေ  ခမ်းခြောက်ပြီး သောက်သုံးရေ ရှားပါးတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရခြင်းက ရာသီဥတု ပုံမမှန်တာကြောင့် ဖြစ်တယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ကလေးခရိုင်ရုံးရဲ့ ခရိုင်ဦးစီးအရာရှိ ဦးတင်စိုး က သုံးသပ် ပြောကြားလိုက်ပါတယ်။

 

 

ကလေးခရိုင် မိုးလေ၀သ နှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရုံး ရဲ့ ကလေးမြို့အတွက် နေ့အပူချိန်တွေကို တွက်ချက်ထားတဲ့ အချက်အလက်တွေ အရ ဒီနှစ် ဧပြီလ မှာ ဆိုရင် ၈ ရက်ဆက်တိုက် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်လွန်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို နေ့ရက်ဆက်တိုက် နေ့အပူချိန်တွေ ပူပြင်းခဲ့တဲ့ အပြင် မိုးရွာသွန်းမှုဟာဆိုရင် ၂ ရက် ရွာသွန်းခဲ့ပြီး မိုးရေချိန် ၀ ဒသမ၄၃ လက်မ ရှိခဲ့တာကြောင့် ကလေးမြို့နယ်မှာ ရှိတဲ့ နေရာအနှံ့အပြားမှာ တွင်းရေတွေ ခမ်းခြောက်ပြီး သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ သူက သုံးသပ် ပြောကြားခဲ့ပါတယ်။

 

ခရိုင်ဦးစီးအရာရှိ ဦးတင်စိုး က “ကိုယ်တို့ ဌာန အနေနဲ့ ကြည့်မယ်ဆိုရင် မိုးရွာတဲ့ အနေအထားက မိုးရွာသွန်းမှု အဆက်ပြတ်လာတယ်။ အပူချိန်တွေက ပုံမှန်အတိုင်းပဲ ပူနေတယ် မြင့်နေတယ်။ ဒါပေမယ့် တချိန်နဲ့ တချိန် မိုးရွာတဲ့ ပုံစံက အဆက်ပြတ်လာတယ်။ အပူချိန် မြင့်နေတဲ့ အချိန်မှာ မိုးရွာတာ အဆက်ပြတ်လာတဲ့ အခါကျတော့ မြေအောက်ရေမှာ သွားထိခိုက်တဲ့ သဘောပါပဲ။ ဒါကြောင့်မို့ ရေခမ်းတယ်လို့ပဲ သုံးသပ်မိတာပေါ့နော်။ မိုးရွာသွန်းမှု ပုံမမှန်တာကတော့ ကမ္ဘာကြီးက ပူနွေးလာတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ အခုနောက်ပိုင်းရောက်လေ အပူချိန်တွေ မြင့်လာတယ်။မိုးရွာတဲ့ ရက်တွေက နည်းလာတယ်။ဒါကြောင့်မို့ ဒီလိုမျိုးဖြစ်တယ်လို့ပဲ သုံးသပ် မိတယ်” လို့ ပြောပါတယ်။

 

 

 

ဒီလိုအပူချိန်မြင့်တာကြောင့် တနှစ်ထက်တနှစ် ရေခမ်းလာတဲ့အခြေအနေကို ရေလိုက်လံ လှူဒါန်းနေတဲ့ ကလေးလွင်ပြင် ပရဟိတ အဖွဲ့ က ဦးတင်အောင်ဆင့်ပြောပြတာက

 

“အရင်တုန်းက အထက်ပိုင်းရပ်ကွက်တွေမှာ ခမ်းတာ။ ဒီနှစ်က အောက်ပိုင်း ရပ်ကွက်တွေ အထိပါ ရောက်လာပြီ။ခမ်းတာကတော့ တော်တော်ဆိုးတယ်။ ခမ်းတဲ့ ရေတွင်းအားလုံးကိုလည်း မြေအောက်ပေကို ထပ်နက်အောင် တူးတယ်။ ဒါပေမယ့် ရေမထွက်ဘူး။ ရေကို မတွေ့တော့တာ။ ရေခမ်းတဲ့ နေရာကလည်း တစ်နှစ်ထက် တစ်နှစ် ပိုများလာတယ်။ နဂိုက ဘယ်တော့မှ မခမ်းတဲ့ နေရာတွေပါ ရေခမ်းလာတာ တွေ့ရတယ်” လို့  ပြောပါတယ်။

 

ကလေးမြို့နယ်အတွင်း ၂၀၀၀ ခုနှစ်ကနေ စတင်ပြီးတော့ ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့အထိ တိုင်းထွာရရှိခဲ့တဲ့ အပူချိန်တွေအရ နှစ်စဉ် ဧပြီလ နဲ့ မေလတွေမှာ အမြင့်ဆုံး အပူချိန်ရောက်ရှိခဲ့ပြီး အမြင့်ဆုံး ပူခဲ့တဲ့ နှစ်ကတော့ ၂၀၁၀ ခုနှစ် က ဖြစ်ပြီး ၄၃ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် ရောက်ရှိခဲ့ပါတယ်။

 

#voiceofmyanmar #ကလေး #အပူချိန်မြင့် #ရေခမ်း

Related posts

Leave a Comment

VOM News

FREE
VIEW