စစ်ဘေးရှောင်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို မတားဆီးဖို့နဲ့ NGO/INGO တွေကို ခွင့်ပြုပေးဖို့ လွှတ်တော်မှာ အဆိုတင်

စစ်တွေ၊ မေ ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံ သုံးသောင်းကျော်ဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ယာယီကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြရတာ ၅ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

 

အဲ့ဒီစစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေသလို စားဝတ်နေရေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာကြောင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေကို မတားဆီးဖို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO တွေက အကူအညီပေးတာတွေကို ခွင့်ပြုပေးဖို့အတွက် မေလ ၂ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

 

“လောလောဆယ်မှာ စစ်ပွဲတွေက ရပ်နိုင်မယ့်အနေအထားမတွေ့ရဘူး။ စစ်ဘေးရှောင်တွေကလည်းတိုးလာနေတယ်။ ဒါကြောင့် ရေရှည်မှာအခက်အခဲတွေ ပိုပြီးတော့ကြုံရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတာအဖွဲ့အစည်းတွေက ကူညီခွင့်ရမှပဲ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုကိုတင်သွင်းရတာဖြစ်ပါတယ်။”လို့ အဆိုတင်သွင်းသူ ဦးအောင်ကျော်ထွီးကပြောပါတယ်။

 

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့အတွက် ICRC နဲ့ WFP နှစ်ဖွဲ့တည်းကိုပဲ ခွင့်ပြုပေးထားတာဖြစ်ပြီး လတ်တလောမှာ စစ်ဘေးရှောင်အရေအတွက် မြင့်မားလာနေတာကြောင့် တခြားအဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ကူညီခွင့်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

“အစိုးရက အရပ်ဖက်အဖွဲ့အစည်းတွေက လှူဒါန်းနေတာတွေကိုလည်း တားဆီးထားတယ်။ နိုင်ငံတကာအဖွဲ့တွေကိုလည်း ပိတ်ထားတယ်။ ဆိုတော့ ဒါဟာမဖြစ်သင့်ဘူး။ ဒီလိုမျိုးသာပိတ်ပင်ထားမယ်ဆိုရင် ကမ္ဘာ့ပြင်ဘက်ကို ရောက်အောင် ကိုယ့်နိုင်ငံကိုဆွဲထုတ်နေတာနဲ့တူနေတယ်။ အစိုးရအနေနဲ့ အကူအညီတွေပေးသင့်ပါတယ်။”လို့ ဦးအောင်ကျော်ထွီးက ဆိုပါတယ်။

 

လက်ရှိမှာတော့ အစိုးရနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနကနေ စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီပေးနေတာတွေရှိနေပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ အမှန်တကယ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အဲ့ဒီအဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ရခိုင်လွှတ်တော် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW