အခြေခံစပါးဈေးနူန်း အနည်းဆုံး  ၆သိန်းနဲ့ ၇သိန်း ဝန်းကျင်သတ်မှတ်ပေးမှ တောင်သူတွေအဆင်ပြေမယ်

ရန်ကုန် ၊မေ ၃-၂၀၁၉

သိင်္ဂီ(VOM )

 

နိုင်ငံတော်ကနေ သတ်မှတ်ပေးမယ့် အခြေခံစပါးဈေးနူန်းက အနည်းဆုံး ၆၀၀၀၀၀ သိန်းအထက် ၇သိန်း ဝန်းကျင်ဖြစ်မှ  တောင်သူတွေ အတွက် အဆင်ပြေမှာဖြစ်တာကြောင့်  အဲဒီနူန်းထားအတိုင်း သတ်မှတ်ပေးဖို့ စပါးစိုက် တောင်သူတချို့က တောင်းဆိုလိုက်ပါတယ်။

 

” စပါး တင်း တစ်ရာကို ၆သိန်း လောက်မှအဆင်ပြေတယ်။ ဒါတောင်အရမ်းကြီး အဆင်ပြေတာမဟုတ်သေးဘူး။ စပါးစစိုက်ပျိုးဖို့ လယ်ထဲစဆင်းပြီဆိုကတည်းက လယ်တစ်ဧက ကိုမြေသြဇာ ၊  ရိပ်သိမ်းပြီး  အိတ်ထဲအရောက်ဆိုရင် ၂သိန်းဝန်းကျင် ၊ ၂သိန်း ကျော်လောက်ဖြစ်နေတယ်။ တချို့စပါးဆို ဝယ်သူမရှိတော့ ဈေးနှိမ်ခံရတယ်”လို့ ပြည်မြို့နယ် ၊ တွင်းဗြည်းအုပ်စု ကြို့ရသာရွာ စပါးစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဆန်းဦးက ပြောပါတယ်။

 

လက်ရှိမှာတော့ မိုးစပါးစိုက်ဧက ကျန်တဲ့ စပါးအဟောင်းတွေက စပါး တင်း ၁၀၀ ကို မြန်မာကျပ်ငွေ ၇သိန်း နဲ့ ၈သိန်း ဝန်းကျင်ထိ ဈေးနူန်းပေါက်နေပေမယ့် မကြာမီရိတ်သိမ်းရတော့မယ့် နွေစပါး စိုက်ဧက စပါးဈေးနူန်းက တင်းတစ်ရာကိုမှ ၅သိန်း ကျော် ၆သိန်း ဝန်းကျင်လောက်သာ ဈေးခေါ်မှုရှိနေတယ်လို့သိရပါတယ်။

 

စပါး တင်းတစ်ရာကို အနည်းဆုံး ၆သိန်း ကျပ်ရရှိမှသာ စပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ၊ အလုပ်သမားငှါးရမ်းခ ကျွေးမွေးစရိတ် အလုံးစုံ တွက်ချေကိုက်ရုံရှိပြီး စပါးစိုက်တောင်သူတွေဘဝ အဆင်ပြေဖို့နဲ့ လူမှု့ဘဝမြင့်မာလာဖို့ဆိုရင် ၆သိန်း အထက် ရောင်းချရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

 

” လယ်တဧက ကို စပါးတင်း ၁၀၀ မထွက်ဘူး ၊ မိုးစပါးကပိုဆိုးတယ် ။တဧကကို ၆၀ ၊ ၄၀ ထွက်တာတောင်ရျိတယ်၊အဲ့လိုစပါးထွက်နူန်းလျော့ကျတဲ့အခါ ရောင်းဈေးက မြင့်နေရင် လယ်သမားတွေခံသာသေးတယ်၊ စပါးထွက်နူန်းလဲကျ ဈေးကလဲမရဖြစ်တဲ့အခါ စရိတ်ရှုံးပြီး အကြွေးတွေ ထပ်ထပ်တင်လာရတယ်။”လို့ ပြည်မှ စပါးစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးညွန့်ဝင်းကပြောပါတယ်။

 

လက်ရှိမှာတော့ နိုင်ငံတော်ကနေ အခြေခံစပါးဈေးနှုန်းအဖြစ် ၂၀၁၈ မှာ စပါး အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော် ၊ ဖုန် ၊သဲ ၊ခဲ စတဲ့ အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီမှုရှိနဲ့ ဧည့်မထ အမျိုးအစား ၄၆ ပေါင် ၊ စပါးတင်း ၁၀၀ ကို မြန်မာကျပ်ငွေ ၅ သိန်းဈေးနှုန်း သတ်မှတ်ပေးထားပါတယ်။

 

အခြေခံစပါးဈေးနူန်း  ၅၀၀၀၀၀ ကျပ်အဖြစ်သတ်မှတ်ထားပေမယ့်လည်း အရည်အသွေးညံ့တဲ့စပါးတွေကတော့ အဲဒီဈေးအောက်ပင်ကျနိုင်တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဦးအောင်သန်းဦးက ပြောပါတယ်။

 

“စပါးဈေးကျတာက  ပြည်တွင်းမှာ ဆန်ပိုလျှံမှု ၊တရုတ်ကို တင်ပို့မယ့် ဆန်တန်ချိန် ၈သောင်း ဝန်းကျင် ပိတ်မိနေတဲ့ဖြစ်စဉ် ရှိခဲ့တာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့  ငွေရေးကြေးရေးခက်ခဲရှိနေတယ်၊ဒါကြောင့် စပါးဝယ်နိုင်အားရှိပေမယ့်လည်း မဝယ်နိုင်တဲ့အနေအထားဖြစ်နေတယ်။”လို့ ဒုဥက္ကဌ ကဆိုပါတယ်။

 

နိုင်ငံတော်ကနေ သတ်မှတ်ထုတ်ပြန်ပေးထားတဲ့ အခြေ ခံစပါးဈေးနူန်းဆိုတာဟာ အမိန့်သဘောမျိုး မဟုတ်ဘဲ  ညှိနိုင်မှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စပါးဈေး #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW