မြောက်ဦး၊ မေ ၄-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီး ဒီကနေ့နံနက်ပိုင်း ၉ နာရီခန့်အချိန်က တပ်မတော်ကားတန်းတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။
အဲ့ဒီကားတန်းဟာ မင်းပြားဘက်ကနေ မြောက်ဦးမြို့နယ်အတွင်းကို ဖြတ်သန်းလာခဲ့တာဖြစ်ပြီး မြောက်ဦးမြို့နဲ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ တိမ်ညိုတံတားထိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ပေါက်ကွဲမှုဖြစ်တယ်လို့တော့ သိရပါတယ်။ တိမ်ညိုတံတားနားမှာဖြစ်တယ်လို့ ပြောကြပါတယ်။ မနက် ၉ နာရီလောက်က ဖြစ်တာပါ။ တပ်မတော်ကားတန်း တိုက်ခိုက်ခံရတယ်လို့တော့ ပြောကြတယ်။ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး။ ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မပြောတတ်ဘူးဗျ။ ကားတစ်စီးနှစ်စီးလောက်တော့ ထိခိုက်တယ်လို့ သိရတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီးမှာတော့ တပ်မတော်ကားတန်းကနေ တိမ်ညိုကျေးရွာဘက်ကို သေနတ်တွေနဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်တချို့ပျက်စီးသွားခဲ့ကြောင်း သူကပြောပါတယ်။
“အဲ့ဒီတိမ်ညိုတံတားဆိုတာက အရင်ကနေ ကင်းစခန်းတွေရှိနေတဲ့နေရာဖြစ်ပါတယ်။ အခုဆိုပိုပြီး တော့တောင် ကင်းတွေရှိတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ပြောဖို့ခက်တာပေါ့နော်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ စစ်တပ်ကရွာဘက်ကို ပစ်ခတ်သွားတယ်။ ရွာသားတွေလည်း စိုးရိမ်ကြောက်လန့်နေကြပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ လက္ကာ၊ ဘူးရွက်မညိုးစတဲ့ကျေးရွာတွေမှာ နေ့စဉ်လိုလို ပစ်ခတ်သံတွေကိုကြားနေရပြီး တပ်မတော်စစ်ကြောင်းတွေ သွားလာလှုပ်ရှားနေတဲ့အတွက် ကျေးရွာသားတွေမနေရဲဘဲ အိုးအိမ်စွန့်ခွာသူတွေလည်း များပြားလာနေတယ်လို့ ဘူးရွက်မညိုးကျေးရွာသားတစ်ဦးက ပြောပါတယ်။
#voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #တိမ်ညို #တပ်မတော်