လက္ကာရွာသားသုံးဦးသေဆုံးမှု အစိုးရပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း လွှတ်တော်မှာအဆိုတင်

စစ်တွေ၊ မေ ၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်နေ့က လက္ကာကျေးရွာအနီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက္ကာကျေးရွာသား ၂၇ ဦးတို့ကို တပ်မတော်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးကာလအတွင်းမှာ သေဆုံးသွားခဲ့တဲ့ အလောင်းတွေကို သက်ဆိုင်ရာမိသားစုတွေဆီ အပ်နှံခဲ့ခြင်းမရှိဘဲ သဂြိုင်္ဟ်လိုက်တာနဲ့ပတ်သက်လို့ အစိုးပြောဆိုချက်တွေကို အယုံအကြည်မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောပါတယ်။

 

 

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အစိုးရဘက်က ပြောဆိုတဲ့အပေါ်မှာ သံသယဖြစ်ပါတယ်။ သူတို့ကတော့ မိသားစုတွေနဲ့ အဆက်အသွယ်မရဘူးလို့ပြောတယ်။ ဒါမဖြစ်နိုင်ဘူး။ သူတို့မဟုတ်တာတွေလုပ်ထားပြီးတော့ မိသားစုတွေကိုမပြချင်လို့ ဆက်သွယ်လို့မရဘူးလို့ပြောတယ်လို့ပဲ ကျွန်တော်ယူဆတယ်။”လို့ မြေပုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောပါတယ်။

 

အဲ့ဒီကိစ္စနဲ့ပတ်သက်လို လက်ရှိကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းထားတဲ့အဆိုကို ဒီကနေ့အစည်းအဝေးမှာ ထပ်မံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“အဲ့ဒီသေဆုံးသွားသူတွေရဲ့ မိသားစုတွေကို စာနဲ့ရော ဖုန်းနဲ့ပါ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အချိန်မှပြန်ပြီးတော့ အဆက်သွယ်မလုပ်တဲ့အတွက် စစ်တွေမြို့ စည်ပင်သာယာအဖွဲ့ရဲ့ ခွင့်ပြုချက်ကိုယူပြီးတော့ အာဂျိတ်တော်ကုန် သုဿန်မှာ ဗုဒ္ဓဘာသာတွေရဲ့ ထုံးတမ်းဓလေ့အရ သဂြိုင်္ဟ်လိုက်တာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံက လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာမိသားစုဝင်တွေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဝန်ကြီးချုပ်က အခုလိုရှင်းပြခဲ့ပေမယ့် သူတို့ရဲ့မိသားစုဝင်တွေ သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ကြောင်းနဲ့ အစိုးရရဲ့ပြောဆိုမှုပေါ်မှာ သံသယတွေရှိနေကြတာဖြစ်ပါတယ်။

 

“အခြေခံဥပဒေ ပုဒ်မ ၃၇၃ မှာ ပြစ်မှုကျူးလွန်သူမည်သူ့ကိုမဆို ချမှတ်နိုင်တဲ့ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရလို့ပါရှိပါတယ်။ အလောင်းတွေကို ဆေးရုံမှာ စစ်ဆေးပြီးတော့ မိသားစုတွေဆီကိုမအပ်ဘဲ ပြန်ယူသွားတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲ့ဒီလို စစ်ဆေးပြီး အလောင်းတွေကို ပြန်ယူသွားဖို့ဆိုတဲ့ ဥပဒေရှိသလားလို့ မေးမြန်းရမှာဖြစ်နေတယ်။ ရာဇဝတ်ပြစ်မှုထဲမှာ လူသတ်မှုနဲ့ အဲ့ဒီအလောင်းဖျောက်မှုဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့ဒီလိုကျူးလွန်နေသူတွေကို ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ပါတယ်။”လို့ ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။

 

 

ဒီအဆိုနဲ့ပတ်သက်လို့ အစိုးရအဖွဲ့က မှတ်တမ်းအဖြစ်ထားရှိဖို့အတွက် အကြံပြုခဲ့ပေမယ့် လွှတ်တော်ကသဘောမတူတဲ့ အတွက် အဲ့ဒီအဆိုကိုရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ်လွှတ်တော် #လက္ကာရွာသားသေဆုံးမှု

 

Related posts

Leave a Comment

VOM News

FREE
VIEW