လွှတ်တော်မှာ ရေနံတင်သဘောင်္ဆီယိုဖိတ်မှု အဆိုတင်သူ

 တရုတ်ရေနံတင်သဘောင်္တွေကြောင့်  ဆီယိုဖိတ်မှု ပြဿနာတွေဟာ  ထိခိုက်လာနိုင်တဲ့အတွက် ကြိုတင်စီမံရေးအဆို လွှတ်တော်တင်

နေပြည်တော် ၊မေလ ၈-၂၀၁၉

ဒီပ(နေပြည်တော်)

 

မဒေးကျွန်း ရေနက်ဆိပ်ကမ်းကနေ  တရုတ်နိုင်ငံဘက် ရေနံစိမ်းများ သယ်ယူရန် တန်ချိန်သုံးသိန်းခန့်ရှိ တဲ့ ဆီတင်သင်္ဘောကြီးများ ၀င်ရောက်လျက်ရှိနေတာကြောင့် ဆီယိုဖိတ်မှုများ အချိန်မရွေးဖြစ်လာနိုင်ပြီး အချိန်မီ တားဆီးကာကွယ်ပေးနိုင်ရေး ဥပဒေ နည်းဥပဒေများ ညွှန်ကြားချက်များကို အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို  မေလ(၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

 

“တရုတ်နိုင်ငံကို သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိတဲ့ ဧရာမ ဆီတင်သင်္ဘောကြီးများ ၀င်ရောက်နေရာကနေ ကြီးမားတဲ့ မတော်တဆထိခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်စေနိုင်ပြီး ပမာဏများပြားတဲ့ ဆီယိုဖိတ်မှုများ ဖြစ်ပေါ်နိုင်စေပါတယ် ဒီကိစ္စကို အချိန်မီ အမြန်ဆုံး ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနဲ့ ပြည့်စုံလုံလောက်သော ဥပဒေ နည်းဥပဒေ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန် လိုအပ်ပါတယ်”လို့        ဦးမောင်မောင်အုန်းက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ရေနံများလက်ခံယူနေတဲ့ တရုတ်နိုင်ငံဘက်က ကုန်ကျစရိတ်ခံကာ စီမံထားရှိမှုနဲ့ ဇာတ်တိုက်လေ့ကျင့်မှုများကို အကုန်အကျခံပြီး စီမံဆောင်ရွက်ထားရမယ်လို့ ဆိုခဲ့ပြီး ဆီယိုဖိတ်မှုကြောင့် ဆက်စပ်ထိခိုက်နိုင်တဲ့ တိုင်းဒေသကြီး ပြည်နယ်များ အိမ်နီးချင်းနိုင်ငံများအတွက်  မဟာဗျူဟာကျတဲ့ ကာကွယ်မှုအစီအမံများ ထားရှိဖို့လိုအပ်ကြောင်းလည်း ၎င်းကဆိုခဲ့ပါတယ်။

 

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ပုဒ်မ-၃၇(ခ)၌ “နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေ ပြဌာန်းရမည်”ဟု ပြဌာန်းထားပါသောကြောင့် ယခုအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်လို့ ယင်းကဆိုခဲ့ပါတယ်။

 

“ပင်လယ်ရေကြောင်းဆိုင်ရာ ညစ်ညမ်းမှုအတွက် ကာကွယ်တားဆီးခြင်းဥပဒေများ ရှိဖို့လိုပါတယ် နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းနဲ့ လက်မှတ်ရေးထိုးထားပေမယ့် ဆီလျှံခြင်းဆိုင်ရာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဥပဒေပြဌာန်းထားခြင်း မရှိသေးပါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ နိုင်ငံတော်နဲ့နိုင်ငံသားများ အကျိုးစီးပွားအတွက် အမြန်ဆုံး အကောင်အထည်ဖော် သင့်ပြီထင်ပါတယ်”လို့ ဦးမောင်မောင်အုန်းက ပြောပါတယ်။

 

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)က ဦးမောင်မောင်အုန်းရဲ့ အဆိုအပေါ်မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်က လက်ခံဆွေးနွေးရန် သင့်/မသင့်သဘောထားရယူခဲ့ရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရှိရပါတယ်။

#voiceofmyanmar #တရုတ်ရေနံတင်သဘောင်္ #ဆီယိုဖိတ်မှု #အမျိုးသားလွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW