နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်အားလုံးကို သမ္မထံတင်ပြမယ်

စစ်တွေ၊ မေ-၁၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြု ကော်မတီအဖွဲ့ဝင်တွေဟာ မေလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ကို ဒုတိယအကြိမ်ရောက်ရှိလာခဲ့ ကြပါတယ်။

 

 

အဲ့ဒီကော်မတီဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှု ရရှိလာအောင် ဆောင်ရွက်တဲ့အခါမှာ ဘာတွေကိုအဓိကလုပ်ဆောင်သင့်တယ်ဆိုတဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

 

 

“မေလ ၉ ရက်နေ့က ရန်ကုန်မှာ ရခိုင်နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကော်မတီဥက္ကဌ ဦးအေးသာအောင်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်ကတော့ သူတို့ဘက်က တင်ပြတာတွေ၊ အကြံပြုချက်တွေ၊ ရင်တွင်းခံစားချက်တွေအကုန်လုံးကို နားထောင်ပါတယ်။ သူတို့ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဒုက္ခသည်ကိစ္စတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးမယ့်ကိစ္စတွေကို အကြံပြုခဲ့ကြပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ ကော်မတီအနနဲ့ မခြွင်းမချန်ဘဲ နိုင်ငံတော် သမ္မဆီကို တင်ပြသွားဖို့ရှိပါတယ်။”လို့ ကော်မတီရဲ့အတွင်း ရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ပထမအကြိမ်တွေ့ဆုံမှုတစ်ရပ်ကို ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီတွေ့ဆုံတွေးနွေးမှုတွေက ထွက်ပေါ်လာခဲ့တဲ့ အကြံပြုချက်တွေကို နိုင်ငံတော်သမ္မဆီကို တင်ပြထားပြီးဖြစ်ကြောင်း ဦးတင်မြင့်က မနေ့ကညနေပိုင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

“ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ လုံခြုံရေး၊ တည်ငြိမ်ရေး၊ အေးချမ်းရေးကိစ္စတွေကို ဘယ်လိုများဆောင်ရွက်ပေးနိုင်မလဲ။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဘယ်လိုများတင်ပြမလဲ။ ရခိုင်ပြည်နယ် အေးချမ်းသာယာဖို့အတွက်ကို ကျွန်တော်တို့ ကော်မတီဝင်များအနေနဲ့ တကယ့်စိတ်ရင်းစေတနာအမှန်နဲ့ လာရောက်ပြီး တော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ သူကပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ လုံခြုံရေးကိစ္စရပ်တွေကို တပ်မတော်နဲ့ညှိနှိုင်းပြီး အတတ်နိုင်ဆုံးဆောင်ရွက်နေတာဖြစ်ကြောင်းနဲ့ ဆောင်ရွက်နေတဲ့ကြားက အခုလိုဖြစ်နေရတာဖြစ်တယ်လို့ အဲ့ဒီရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar   #စစ်တွေ #ဦးအေးသာအောင် #ဦးတင်မြင့် #ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW