စစ်ဘေးရှောင်တွေကို အလှူငွေတွေ ပေးအပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့လို

စစ်တွေ၊ မေ ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်အတွင်းမှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့နိုင်ရေး အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

အဲ့ဒီငွေကြေးထောက်ပံ့ပေးမှု အခမ်းအနားမှာ သက်ဆိုင်ရာမြို့နယ်တွေက လူမှုအဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး ပေးအပ်တဲ့အခါမှာ ကျောက်တော်မြို့နယ်က ငွေလက်ခံဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့က ဆွေးနွေးပွဲရှိတယ်လို့ မြို့နယ်ကဖိတ်တဲ့အတွက် အစည်းအဝေးလာတက်တာပါ။ ငွေကြေးလက်ခံဖို့ လာတာမဟုတ်ဘူး။ ဒီလိုမျိုး ဒုက္ခသည်တွေ ရိက္ခထောက်ပံ့နိုင်ရေးအတွက် ငွေလှူတဲ့အပေါ်မှာတော့ ကျေးဇူးတင်ပါတယ်။ ပထမအကြိမ်လှူတုန်းကလည်း လက်ခံပေးလိုက်တယ်။ အဲ့ဒီငွေတွေကို ဘယ်နေရာကို ဘယ်လောက်ပေးသလဲ။ ဘယ်စခန်းတွေကိုပေးသလဲ။ ဆိုတာကိုကျွန်တော်တို့ မသိလိုက်ရဘူး။ ကျွန်တော်တို့ အခုလိုလက်ခံပြီးပြန်သွားတော့ မေးကြမှာပဲ။ ဒါတွေကိုကျွန်တော်တို့က ဖြေကြားဖို့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့်လက်မခံတာပါ။”လို့ ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာ ပရဟိတအသင်း ဥက္ကဌ ဦးညီပုကပြောပါတယ်။

 

အဲ့ဒီ ထောက်ပံ့ငွေတွေကို လူမှုအဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင်တွေကိုခေါ်ယူပြီး ပေးအပ်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပြီး အဲ့ဒီငွေတွေကို ထောက်ပံ့ပေးအပ်တဲ့အခါမှာ ဌာနဆိုင်ရာဘက်ကနေ ပေးအပ်တာဖြစ်တဲ့အတွက် ဒုက္ခသည်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဘယ်စန်းမှာဘယ်လောက်ပေးအပ်ခဲ့တယ်ဆိုတာကို မသိရဘဲဖြစ်နေတာဖြစ်ပါတယ်။

 

“ထောက်ပံ့ငွေတွေကို ကျွန်တော်တို့ဆီကနေ မြို့နယ်ကိုလွှဲပေးတယ်။ အဲ့ဒီကနေ စခန်းမှာရှိတဲ့တာဝန်ခံတွေကို ပေးအပ်တာဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ်။ စခန်းတွေမှာက လူတွေအဝင်အထွက်ရှိနေတော့ ဒီကပေးအပ်တဲ့ငွေက လူဦးရေထက်နည်းနေတာတွေလည်း ဖြစ်နိုင်ပါတယ်။”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။

 

အဲ့ဒီငွေတွေကိုပေးအပ်တဲ့အခါမှာ သွားလာရေးအဆင်ပြေလွယ်ကူတဲ့ စခန်းတွေကို မြို့နယ်ကတစ်ဆင့် ခေါ်ယူပေးအပ်တာ တွေရှိပြီး သွားလာရေးမလွယ်ကူတဲ့စခန်းတွေကို သွားရောက်ပေးအပ်တာတွေရှိတယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကပြောပါတယ်။

 

“သွားလာလို့ရတဲ့စခန်းတွေကိုတော့ မြို့နယ်ကပေးတာရှိတယ်။ တချို့နေရာတွေကိုကျတော့ CSO တွေခေါ်ချင်ခေါ်မယ်။ ဒါမှမဟုတ်ရင် စခန်းကြီးကြပ်ရေးကော်မတီကိုသွားပေးပါတယ်။ ငွေပေးတာလည်းရှိမယ်။ ဆန်ပေးတာလည်းရှိမယ်။ ဒီငွေတွေက ဆန်အတွက်လှူဒါန်းတာဖြစ်တဲ့အတွက်ကြောင့်ပါ။”လို့ ဗိုလ်မှူးကြီးဖုန်းတင်ကပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်လို့ ငွေတွေကိုဒုက္ခသည်တွေဆီကို ပေးအပ်တဲ့အခါမှာ ယခင်လုပ်တဲ့ပုံစံမျိုးအတိုင်းအဟုတ်ဘဲ ငွေကြေးထောက်ပံ့မှုတွေပြုလုပ်တဲ့အခါမှာ ငွေလက်ခံခဲ့တဲ့အဖွဲ့အစည်းတွေကို ခေါ်ယူပြီးတော့ ပွင့်လင်းမြင်သာစွာပေးအပ်ဖို့လိုကြောင်း ဦးအေးသာအောင်က အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်အနေနဲ့ ပြောချင်တာက စစ်ဘေးရှောင်ဒုက္ခသည်တွေကို အလှူငွေတွေပေးအပ်တဲ့အခါ အရင်ကပေးတဲ့ပုံစံက တစ်မျိုးဖြစ်ကောင်းဖြစ်ပါမယ်။ ကျွန်တော်တို့ဆီကပေးတဲ့ ထောက်ပံ့ငွေနဲ့ ပတ်သက်တဲ့အခါမှာ ထင်သာမြင်သာရှိဖို့လိုမယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုမယ်။ ဒီတော့ ထောက်ပံ့ပေးတဲ့အခါမှာ ငွေပဲပေးပေး၊ဆန်ပဲပေးပေး ကိုယ့်ဟာကိုပေးရုံနဲ့မဖြစ်ဘူး။ အဲ့ဒီငွေတွေ ဒုက္ခသည်စခန်းတွေကို ရောက်မရောက်ဟာ လက်ခံတဲ့အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်။”လို့ ဦးအေးသာအောင်ကပြောပါတယ်။

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီအနေနဲ့ ဧပြီလ ၁၀ ရက်နေ့က ပထမအကြိမ်အဖြစ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ကျပ်သိန်းပေါင်း ၂၀၀၀ ကိုပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကာ ဒီကနေ့မှာတော့ ဒုတိယအကြိမ်အဖြစ် ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ကို ပေးအပ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

 

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေက စစ်ဘေးရှောင်ဒုက္ခသည် ၂၈၉၃၉ ဦးအတွက် တစ်ဦးလျင် တစ်ရက်ကိုငွေကျပ် ၃၀၀ ကျပ်နှုန်းဖြင့်  ၁၆၈၅ ဒသမ ၅၁ သိန်းကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar  #ရခိုင်ပြည်နယ် #စစ်ဘေးရှောင် #တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ #ငွေကြေးထောက်ပံ့မှု

Related posts

Leave a Comment

VOM News

FREE
VIEW