ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ဖိုး ထောက်ပံ့သွားမယ်

စစ်တွေ၊ မေ ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၇ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၃ သောင်းနီးပါးအတွက် အစိုးရက ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ဖိုး ရိက္ခာထောက်ပံ့မှုတွေကို ပြုလုပ်သွားဖို့ရှိနေပါတယ်။

 

အဲ့ဒီရိက္ခာထောက်ပံ့မှုတွေကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက လှူဒါန်းပေးသွားမှာ ဖြစ်ပြီး မေလ ၁၂ ရက်နေ့မှာ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်ကပြောကြား ခဲ့ပါတယ်။

 

 

“ကျွန်တော်တို့ကော်မတီကနေပြီးတော့ ၁၂ ရက်နေ့မှာ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ စစ်ဘေးရှောင်စုရပ် ၉၄ ခုလို့သိရပါတယ်။ လူဦးရေကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့စာရင်းအရ ၂၈၉၃၉ ဦးရှိတယ်လို့ သိရပါတယ်။ ၁၆၈၅ ဒသမ ၅၁ သိန်းကို မနက်ဖြန်မှာ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။”လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်ကပြောကြား ခဲ့ပါတယ်။

 

 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာတော့ နေရပ်စွန့််ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၄ သောင်းနီးပါးရှိနေပြီလို့ စစ်ဘေးရှောင်စခန်းတွေမှာ စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထား တာဖြစ်ပါတယ်။

 

 

“လှူဒါန်းပေးမယ့် နေရာတွေကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ဘေးရှောင်တွေကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ကော်မတီဥက္ကဌ ဦးအေးသာအောင်ကနေပြီး စစ်ဘေးရှောင်တွေရဲ့ စားရေးရိက္ခာအတွက် ကျပ်သိန်းပေါင်း ၂၀၀၀ ကို ပေးအပ်လှူဒါန်းထားပြီးဖြစ်ပါတယ်။”လို့ ဦးတင်မြင့်ကပြောကြားခဲ့ပါတယ်။

 

 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ရိက္ခာအထောက်အပံ့တွေ ရရှိအောင် အစိုးရကဆောင်ရွက်ပေးနေတယ်လို့ ဝန်ကြီးချုပ်ဦးညီပုကပြောပါတယ်။

 

“ဒီဒုက္ခသည်တွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေရအောင် အားလုံးအတွက်လုပ်နေတယ်။ ဖြစ်စဉ်ဖြစ်တာနဲ့ အမြန်ဆုံးအဲ့ဒီဒေသကိုရောက်အောင်သွားမယ်။ ဒုက္ခသည်တွေနဲ့ အမြန်ဆုံးတွေ့မယ်။ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းမယ်ဆိုပြီးတော့ တောက်လျှောက်လုပ်နေတာပဲ။”လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကပြောပါတယ်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်လည်း လိုအပ်တဲ့ လုံခြုံရေးကိစ္စရပ်တွေကို တပ်မတော်နဲ့ညှိနှိုင်းပြီး အစိုးရနေနဲ့ဆောင်ရွက်ပေးထားတယ်လို့ ဝန်ကြီးချုပ်ဦးညီပုကပြောပါတယ်။

 

#voiceofmyanmar  #ရခိုင်ပြည်နယ်  #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW