ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီးနှစ်ဦး အပါအ၀င်ရှစ်ဦးကို တိုင်တန်းမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်ခံထား

ရန်ကုန် ၊ မေ – ၁၈ – ၂၀၁၉

သိင်္ဂီ (VOM)

 

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့  ၀န်ကြီးနှစ်ဦး အပါအ၀င် ရှစ်ဦးကို သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(ဟောင်း)ဦးကျော်ဆန်းအောင်က  အမှုဖွင့်တိုင်ကြားမှု နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံခဲ့တယ်လို့ သိရပါတယ်။

 

“မနေ့က အမှုကိုလက်ခံဖွင့်ပေးလိုက်ပြီဖြစ်တယ်။ “လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမင်းသက်ဇင်က ပြောပါတယ်။

 

ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီး သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(ဟောင်း)ကဦးကျော်ဆန်းအောင်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ကာ တာဝန်ကရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး ၊ လည်/ဆည်ဝန်ကြီးနဲ့ စုံစမ်းစစ်ဆေးခဲ့သူများကို အရေးယူပေးဖို့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။

 

” ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီးပြောတယ်။ ရံပုံငွေကို မြို့ရွာအတွက် သုံးဖို့ဆုံးဖြတ်တုန်းက အဖွဲ့အစည်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံးသဘောတူညီမှုနဲ့ လုပ်ခဲ့တယ်၊ ဒါကို ကျွန်တော်ကို ငွေအလွဲသုံးစားဆိုပြီး တာဝန်ကရပ်စဲတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို သက်သေတင်တော့လည်းလက်မခံဘူး။ ကျွန်တော်ကတော့ ငွေကြေးအလွဲသုံးစားလုပ်ထားတာလည်း မရှိဘူး။” လို့ ဦးကျော်ဆန်းအောင်က ပြောပါတယ်။

 

ဒါ့အပြင် အစိုးရဝန်ထမ်းတစ်ဦးကို  အလုပ်ထုတ်ရာမှာ သက်ဆိုင်ရာ စည်ပင်ဝန်ကြီးက ထုတ်တာမဟုတ်ဘဲ ပဲခူးတိုင်းဝန်ကြီးချုပ်ကိုယ်စားဆိုပြီး လယ်/ဆည်ဝန်ကြီးက ထုတ်ခဲ့တာဟာ ဥပဒေနဲ့မညီလို့ အဲဒီအမိန့်ကို ပယ်ဖျက်ပေးဖို့ ဦးကျော်ဆန်းအောင်အနေနဲ့ စာချွန်တော်လျှောက်ခဲ့ပါတယ်။

 

“စာချွန်တော်ဆိုတာ သမ္မတထုတ်ပြန်ပြီးသားအမိန့်ကိုတောင် ပယ်ဖျက်နိုင်တဲ့ နိုင်ငံရဲ့ အမြင့်ဆုံးတရားစီရင်ရေးအာဏာဖြစ်တယ်။ ဒါကိုလည်း ဒီမိုကရေစီစနစ်မှာပဲသုံးလို့ရတယ်။ ကနဦးကြားနာမှုလုပ်ငန်းစဉ်တွေတော့လုပ်ရဦးမယ်။”လို့ တရားလွှတ်တော်ရှေ့နေ ဦးမင်းသက်ဇင်က ပြောပါတယ်။

 

ဦးကျော်ဆန်းအောင်ဟာ သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအဖြစ် ၁ နှစ်ခွဲကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီနှစ်ဖေဖော်ဝါရီ ၆ ရက်မှာ တာဝန်ကနေရပ်စဲခံခဲ့ရတာဖြစ်ပါတယ်။

 

#voiceofmyanmar #ပဲခူတိုင်းဝန်ကြီးနဲ့ဝန်ကြီးနှစ်ဦးအမှုဖွင့်ခံရ #ပဲခူး #သာယာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW