မလေးရှားသွားမယ့် ရိုဟင်ဂျာ ၈၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ တားဆီး

ဒါကာ၊ မေ-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

မလေးရှားနိုင်ငံကို လှေနဲ့သွားမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၈၄ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက မေ ၁၈ ရက်မှာ ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၆၇ ဦး ငါးဖမ်းလှေတစ်စီးနဲ့ ထွက်ခွာဖို့ စောင့်ဆိုင်းနေစဉ်မှာ တားဆီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၁၅ ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ စိန့်မာတင်ကျွန်းမှာတော့နောက်ထပ် ရိုဟင်ဂျာ ၁၇ ဦးကို ဘင်္ဂလားဒေ့ရှ် လူကုန်ကူးသူ ငါးဦးနဲ့အတူ စက်လှေနဲ့မထွက်ခွာမီ ကမ်းခြေစောင့်တပ်ဖွဲ့က ဟန့်တားနိုင်ခဲ့ပါတယ်။

 

ဒုက္ခသည်စခန်းက ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ မလေးရှား၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရဖို့အတွက် နှစ်စဉ်နှစ်တိုင်း ဒုက္ခသည်စခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

 

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်အရေးကြောင့် အဲဒီနှစ် သြဂုတ်လကစပြီး ရိုဟင်ဂျာရှစ်သိန်းနီးပါးဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။

 

Ref: Daily Mail

Photo :AFP

 

#voiceofmyanmar #ရိုဟင်ဂျာဒုက္ခသည် #ဘင်္ဂလားဒေ့ရှ် #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW