အနိမ့်​ဆုံးစပါးဈေး ငါးသိန်း သတ်​မှတ်​ထား​ပေမယ့် မရရှိတဲ့အတွက် တိုင်းအစိုးရနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုမယ်

ဇီးကုန်း၊ ​မေ – ၁၈ – ၂၀၁၉

မိုးယံ (VOM)

 

စပါးတင်းတစ်ရာကို အနိမ့်ဆုံးဈေး ငါးသိန်းနှုန်း သတ်မှတ်ထားပေမယ့် ကျေးရွာတွေမှာ  လေးသိန်းကျော်နဲ့သာ ပေးဝယ်နေတဲ့အတွက် တောင်သူတွေအခက်အခဲရှိနေတာကြောင့် ဖြေရှင်းပေးဖို့  တိုင်းအစိုးရထံ တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုသွားမယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက တောင်သူတချို့ ကပြောပါတယ်။

 

“ကျွန်မတို့ ဒီစပါးဈေးနဲ့ဆို အဆင်မပြေဘူး။ ကလေးတွေတောင် ကျောင်းထားနိုင်ပါ့မလား မသိဘူး။ ရွာထဲကသူတစ်ချို့လည်း အလုပ်အကိုင် အဆင်မပြေကြလို့ ထိုင်းလို တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေကြတယ်။ ရွာထဲမှာ အလုပ်သမားတောင်မရှိတော့ဘူး။” လို့ ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းရွာက တောင်သူ ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ အနိမ့်ဆုံးစပါးဝယ်ဈေး ငါးသိန်းသတ်မှတ်ထားပေမယ့် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မှာရှိတဲ့ ကျေးရွာတွေမှာ ဆင်းဝယ်တဲ့အခါ  ၄ သိန်း ၂သောင်း ၊ ၄ သိန်းခွဲ ၀န်းကျင်သာ ပေးဝယ်နေတယ်လို့ ဒေသခံ တောင်သူ ဦးမြင့်ဋ္ဌေးကပြောပါတယ်။

 

စပါးစိုက်ပျိုးရာမှာ အထွေထွေ ကုန်​ကျ​ငွေက တစ်ဧကကို ၃သိန်းခွဲခန့် ကုန်ကျနေပေမယ့် စပါးအထွက်နှုန်းနည်းတာ၊ စပါးဝယ်ဈေး နည်းတာတွေကြောင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် (စိုက်/ဘဏ်) ချေးငွေတွေတောင် ပြန်မဆပ်နိုင်ကြဘူးလို့ တောင်သူတချို့က ပြောပါတယ်။

 

အဲဒီအခက်အခဲတွေကို တင်ပြဆွေးနွေးဖို့ ပဲခူးတိုင်း အနောက်ခြမ်းက တောင်သူတချို့ဟာ တိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ထံ ဒီနေ့မှာ စာတင်သွားမယ်လို့ သိရပါတယ်။

 

“ ဒီ​နေ့ စာတင်​ ​တောင်းဆိုသွားမှာပါ။ တစ်​ပတ်​အတွင်း ဒီအတိုင်းဘဲ စပါး​ဈေးနည်းပြီး အဝယ်​နည်း​နေရင်​ ကျွန်​​တော်​တို့​တောင်​သူ​တွေ အချင်းချင်းချိတ်​ဆက်​ပြီး ဆန္ဒထုတ်​​ဖော်​ပွဲပြုလုပ်​ကြမှာပါ။” လို့ ​တောင်​သူ ဦးမြင့်​​ဋ္ဌေးက ​ပြောပါတယ်​။

 

#voiceofmyanmar #စပါးဈေးဝယ်ဈေးအတိုင်းမရ #တောင်သူတွေခက်ခဲ #တိုင်းအစိုးရနဲ့တွေ့ #ပဲခူး #ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW