ဇီးကုန်းပြည်သူ့ဆေးရုံမှာ အမွှာကလေးမိခင်သေဆုံးခဲ့မှု အမှန်တရား ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်ပြော

ဇီးကုန်း၊ ​မေ – ၂၀ – ၂၀၁၉

မိုးယံ (VOM)

 

ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အမွှာကလေးမွေးအပြီး သေဆုံးသွားတဲ့ ကလေးမိခင်နဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ သေဆုံးသူမိသားစုဝင်တွေက ပြောပါတယ်။

 

“အမှန်တရားကို ဖြစ်စေချင်တာပါ။ ကျွန်မယောင်းမက ဆင်းရဲပါတယ်။ အခုလိုမျိုသွားပြတော့လည်း စောသေးတယ်ဆိုပြီးပြန်လွှတ်တယ်။ ညတစ်ချက်ထိုးလို့သွားတော့လည်း နောက်ကျတယ်ဆိုပြီးဆူလွှတ်တယ်။  နစ်နာကြေးလိုချင်လို့မဟုတ်ပါဘူး၊ အမှန်တရားကို သိစေချင်တာပါ။” လို့ ယောင်းမဖြစ်သူ မပုက ပြောပါတယ်။

 

ဖြစ်စဉ်မှာ မေလ ၁၇ ရက် နံနက်က ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ဒေါ်တင်သန်း ( ၃၅ နှစ်) ဟာ ဗိုက်နာတာကြောင့် နေအိမ်နဲ့ ၇ မိုင်လောက်အကွာက ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံနောက်ကျော ၀န်ထမ်းလိုင်းခန်းမှာ ရှိတဲ့ အဲဒီဆေးရုံရဲ့ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးထံ သွားရောက်ပြသရာမှာ ဒေါက်တာဇော်နိုင်ဦးက လာမယ့် ၆ လပိုင်း ၇ ရက်လောက်မှာ မွေးမှာဖြစ်ကြောင်း အော်ဟောက်ပြောဆိုကာ ပြန်ခိုင်းခဲ့တယ်လို့ သေဆုံးသူ မိသားစုဝင်တွေက ပြောပါတယ်။

 

“ဆရာဝန်ကြီးက ဗိုက်က လမစေ့သေးဘူး။ ၆လပိုင်း ၇ ရက် နေ့လောက်မှ မွေးမှာ၊ ဘာလို့ ငါ့အိမ်ကို လာတာလဲ ။အပြင်မှာ ကိုယ်ပိုင်ဆေးခန်းရှိတယ်၊ အဲဒီကိုလာပါလား။ နင်တို့ကြောင့် ငါ အလုပ်နောက်ကျတယ်ဆိုပြီး အော်ဟောက်ပြောပါတယ်။” လို့ ဒေါ်တင်သန်းရဲ့ ညီမဖြစ်သူ မနိုင်က ပြောပါတယ်။

 

ဆရာဝန်ကြီးအိမ်က ပြန်လာပြီး ည တစ်နာရီဝန်းကျင်မှာ ဗိုက်ကအရမ်းနာလာတာကြောင့် ဆေးရုံတင်ပို့ခဲ့ရာမှာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေကလည်း နောက်ကျမှလာတဲ့အတွက် ပြစ်တင်ပြောဆိုတယ်လို့  ဆိုပါတယ်။

 

မေလ ၁၈ရက် နံနက်သုံးနာရီမှာ အမွှာကလေးကို ခွဲစိတ်မွေးဖွားပေးခဲ့ပြီး ကလေး၊လူကြီး ကျန်းမာကြောင်း ဆရာဝန်တွေက ပြောတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

 

အဲဒီနောက် ၁၀နာရီကျော်မှာ တာဝန်ကျ သူနာပြုဆရာမကဆေးထိုးပေးပြီးနောက် မျက်ဖြူလန်သွားလို့ အောက်ဆီဂျင်ပေးခဲ့ပြီး  ၁၁နာရီခန့်မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေပြောပြချက်အရ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ဒေါ်တင်သန်းရဲ့ မိသားစုဝင်တွေက ဒေါက်တာဇော်နိုင်ဦးကို စွပ်စွဲထားသလို အမှန်တရားကိုလည်း ပေါ်ပေါက်စေချင်တယ်လို့ ပြောကြပါတယ်။

 

“​သေဆူံးသူ မိသားစုဝင်​​တွေ ​ပြောတာ မဟုတ်​ပါဘူး။ ဒီကိုယ်​ဝန်​​ဆောင်​သည်​ဟာ အသက်​လည်းရပြီ၊ သူ့မှာ ကိုယ်​ဝန်​ဆိပ်​တက်​တဲ့ ​ရောဂါလည်းရှိတယ်၊​ ​ဖော တာလည်းရှိတယ်။ သူ့​ရောဂါနဲ့သူဆုံးသွားတာပါ။” လို့ ဇီးကုန်းမြို့နယ် ပြည်​သူ့ ​ဆေးရုံ ဆရာဝန်​ကြီး ​ဒေါက်​တာ​ဇော်​နိုင်​ဦးက ​ပြောပါတယ်​။

#voiceofmyanmar # အမွှာကလေးမိခင်သေဆုံးခဲ့မှုအမှန်တရား ပေါ်စေချင် #ဇီးကုန်းဆေးရုံ #ဒေါက်တာဇော်နိုင်ဦး #ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW