ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှု ဆယ်နှစ်အရွယ်ကလေးငယ်နဲ့ ရွာသားတစ်ဦးသေဆုံး

ကျောက်တော်၊ မေ ၂၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာ မနေ့ညနေ ၆ နာရီခန့်ကစတင်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဆယ်နှစ်အရွယ် ကလေးငယ်နဲ့ ကျေးရွာသားတစ်ဦး သေဆုံးခဲ့ပြီး  တချို့မှာကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

 

ကုလားတန်မြစ်အထက်ပိုင်း မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာ အနီးဝန်းကျင်နေရာတွေမှာ ပစ်ခက်မှုတွေဖြစ်ပေါ်ခဲ့တာပါ။

 

“ကျွန်တော်တို့နဲ့ဝေးတော့ တိတိကျကျတော့မပြောနိုင်ဘူးဗျ။ ဒါပေမယ့် ဒေသခံတွေပြောတာကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူးလို့ပြောတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့တာပေါ့နော်။ အဲဒီမှာ မာလာရွာက ကျည်ထိသွားတဲ့ကလေးတွေကိုတော့ စစ်တွေဆေးရုံကိုပို့ထားပါပြီ။ မာလာရွာက သေဆုံးသွားတဲ့ ဦးအောင်နီရဲ့အလောင်းကတော့ ကျောက်တော်ဆေးရုံ ခွဲရုံကိုရောက်နေပါပြီ။”လို့ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းကပြောပါတယ်။

 

ဒါ့အပြင် မျောက်တောင်ကျေးရွာမှာလည်း အသက်ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုတော့  ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုပြုလုပ်နိုင်ရေးအတွက် သွားရောက်သယ်ဆောင်နေတယ်လို့ ပြောပါတယ်။

 

“မနေ့ကတောင်မှသီတင်းသုံးနေတဲ့ ဆရာတော်ကို ကျွန်တော်တို့မောင်နှမနှစ်ယောက် အချိုရည်ဗူးသွားလှူပြီး ပြန်လာတဲ့အချိန်မှာ ပေါက်သံကြားတယ်။ အဲ့ဒီမှာ စစ်ကားနှစ်စီရောက်လာပြီးတော့ ရန်သူရန်သူလို့ပြောပြီး ပစ်ပါတယ်။ ညီမလေးက အဲ့ဒီနေရာမှာသေသွားတာပါ။ ကျွန်တော်ကတော့ ဒဏ်ရာနည်းနည်းရသွားပါတယ်။”လို့ သေဆုံးသူ မအသိန်းချေရဲ့အစ်ကို မောင်ဦးစောအောင်က ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဆက်အသွယ်မရ ရှိတဲ့အတွက် တပ်မတော်ဘက်က တုံ့ပြန်ချက်တွေကို မသိရှိခဲ့ပါဘူး။

#voiceofmyanmar #ကျောက်တော်ပစ်ခက်မှုနှစ်ဦးသေ # ရခိုင် #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW