မန္တလေးမြို့မှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုများ အရင်ကထက်များလာ

မန္တလေး၊ မေ – ၂၂ -၂၀၁၉

ရဲရင့် မင်းခန့် (VOM)

 

မန္တလေးမြို့အရှေ့ပိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှု  အရင်ကထက် များလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

 

” လက်ရှိမန္တလေးမြို့နဲ့ အနီးဝန်းကျင်က ရွာတွေမှာ ပိုက်ဆံရှိတဲ့သူတွေက အကွက်ရိုက် ရောင်းတဲ့ လယ်ယာမြေတွေကို ဝယ်ယူဖို့စိတ်ဝင်စားကြတယ်။ လယ်ယာမြေတွေကို ရွာမြေဆိုပြီး မသိနားမလည်တဲ့ သူတွေကို ဝိသမာ လောဘသမားတွေက  ရောင်းချနေကြတယ်။” လို့ မန္တလေးတိုင်း အိမ်ခြံမြေ ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတတ်ရေး အသင်း CEC အဖွဲ့ဝင် ဦးရန်အောင်က ပြောပါတယ်။

 

မန္တလေးမြို့မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေ ဈေးကောင်းလာပြီးနောက် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ဈေးသက်သာစွာနဲ့ ပြန်လည်ရောင်းချတာတွေ ရှိလာခဲ့ပါတယ်။

 

” လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းတာက စီးပွားရေး တစ်ခုလို ဖြစ်နေတယ်။ အကွက် ရိုက်ရောင်းတဲ့စနစ်တွေက ပြင်ဦးလွင်က ပထမဆုံး စတင်ခဲ့တယ်လို့ထင်တယ်။ အချို့က လယ်ယာမြေကို အကွက်ရိုက်ရောင်းတယ်။ တစ်ကယ်တော့ မြေကွက်ဝယ်ယူသူတွေအနေနဲ့ လယ်ယာမြေထက် ရွာမြေကို အဓိကထားဝယ်သင့်တယ်။ မန္တလေးမြို့မှာဆိုရင် အချို့က ရွာနဲ့ထိဆက်တဲ့ လယ်ယာမြေကို ရွာမြေ ဆိုပြီး ရောင်းချတာတွေ ရှိတယ်။ ဒါအသေအချာ ဂရုစိုက်ရမယ့် အချက်ပါဘ။ဲ”လို့ မြေအကျိုးတော်ဆောင် ကိုနိုင်လင်း က ပြောပါတယ်။

 

အခုလို လယ်ယာမြေ အကွက်ရိုက် ရောင်းချမှု များလာတဲ့အတွက် မြေကွက်ဝယ်ယူသူများအနေနဲ့မြေကွက် ဝယ်ယူရာမှာ  အသေအချာ လေ့လာစီစစ်ဖို့လိုကြောင်း ဆိုပါတယ်။

 

လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုပုံစံမှာ လယ်တစ်ဧကကို  ကျပ်သိန်း ၃၀၀ နဲ့ ဝယ်ယူပြီး  ပေ ၄၀ x ၆၀ မြေကွက်များအဖြစ် ဖော်ကာ  တစ်ကွက်ကို  ကျပ်သိန်း ၃၀ ဝန်းကျင်နဲ့ ပြန်လည် ရောင်းချနေကြတာပါ။

 

မြေတဧကပေါ်မှာ ပေ ၄၀ x ၆၀ အကွက်ရိုက်ဖော်မယ်ဆိုပါက  ၁၆ ကွက် ရရှိကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

 

အခုလွို တရားမဝင် လယ်ယာမြေ အကွက်ရိုက် ရောင်းချသူတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့က ၂၀၁၂ လယ်ယာမြေဥပဒေတွေနဲ့ တရားစွဲဆိုတာတွေ ပြီးခဲ့တဲ့  စက်တင်ဘာလ ကတည်းက အရေးယူမှုတွေ ရှိပေမယ့် လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်ဘက်ထိပါ အကွက်ရိုက် ရောင်းချမှု အရင်ကထက် ပိုဖြစ်နေတယ်လို့ ဆိုကြတာပါ။

 

“ပေ ၂၀ × ၄၀ လောက်ကို သိန်းသုံးဆယ်၊လေးဆယ်လောက်နဲ့ ဝယ်ပြီးနေကြတာတွေ ရှိတယ်။ နောက်ပိုင်း အစိုးရကသိတော့ ဒီနေရာကနေ ဖယ်ပေးရတယ်။ ပြည်သူတွေမှာ ငွေလည်း ဆုံး၊ နေစရာတွေလည်းပျောက်ကုန်တာတွေ  ရှိပါတယ်။ ဒီလို နေရာတွေကိုတော့ လုံးဝ မဝယ်သင့်ပါဘူး။” လို့ ဦးရန်အောင်က ပြောပါတယ်။

 

#voiceofmyanmar # မန္တလေးလယ်ယာမြေအကွက်ရိုက်ရောင်းချမှုအရင်ကထက်များလာ #မန္တလေး #ပုသိမ်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW