မဏိပူရ်မြစ်အတွင်း ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်တွေ အလောင်းပြန်တွေ့

ဖလမ်း၊ မေ -၂၂ – ၂၀၁၉

မိုင်ချယ်ရီ (VOM)

 

မနေ့က မဏိပူရ်မြစ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိပြီလို့ သိရပါတယ်။

 

“ရုပ်အလောင်းတွေကို ဒီနေ့မနက်မှာပဲ ရှာဖွေ တွေ့ရှိခဲ့ပါတယ်”လို့ ကေဟိုင်မွာလ်(K Haimual) ကျေးရွာအုပ်စု ဥက္ကဌ ဦးနှာမ်သူက ပြောပါတယ်။

 

ချင်းပြည်နယ် ဖလမ်းမြို့နယ်အနီးရှိ  မဏိပူရ်မြစ်အတွင်း မနေ့ နေ့လည် နှစ်နာရီခန့်က ဆလိုင်းလာလ်ရင့်ဆန် (၁၃) နှစ်၊ ဆလိုင်းဗန်နီပြန်(၁၄) နှစ်  နဲ့ ဆန်သဲ (၁၆) နှစ်တို့ သုံးဦး ရေဆင်းချိုးရာကနေ သုံးဦးစလုံး ရေနစ်ခဲ့တာပါ။

 

သူတို့သုံးဦးရေနစ်နေချိန်  အနီးအနားမှာ ရှိတဲ့ ဦးဗန်ရွန်က ဆင်းဆယ်ခဲ့ရာမှာ ဆန်သဲ တစ်ဦးကိုသာ ဆယ်ယူနိုင်ခဲ့ပြီး ကျန်နှစ်ဦးကတော့ ရေနစ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

ရေနစ်ပျောက်ဆုံးသူတွေကို လိုက်လံရှာဖွေနေရာ ဒီနေ့ မနက်ပိုင်းမှာ ရုပ်အလောင်း တစ်လောင်းကို ရေနစ်တဲ့နေရာမှာပဲ ပြန်ရှာတွေ့ပြီး တစ်လောင်းကိုတော့ ရေနစ်တဲ့နေရာရဲ့အောက်ဘက် ပိုက်ထောင်ထားတဲ့နေရာကနေ ပြန်ရှာတွေ့ခဲ့တာပါ။

 

မေလ ၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်အတွင်းမှာ ရှိတဲ့ မဏိပူရ်မြစ်အတွင်း ရေဆင်းချိုးခဲ့တဲ့ ကလေးငယ် (၃) ဦး သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

 

#voiceofmyanmar #ရေနစ်သေဆုံးတဲ့ကလေးအလောင်းပြန်တွေ့  #မဏိပူရ်မြစ်  #ချင်းပြည်နယ် #ဖလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW