အဖေဖြစ်သူကို ဖမ်းမမိလို့ သားဖြစ်သူ ၉ တန်းကျောင်းသားကို ရဲကဖမ်း

မန္တလေး မေ – ၂၄ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေဟာ ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့အတွက် အချို့ကိုပုဒ်မ အမျိုးမျိုးနဲ့ အမှုဖွင့်ထားရာ ဦးရွှေအုန်းဆိုသူလည်း အမှုဖွင့်ခံထားရပြီး   ဦးရွှေအုန်းကို ဖမ်းမမိသေးတာကြောင့်  ဒီနေ့မနက်ပိုင်းမှာ သားဖြစ်သူ ကိုးတန်းကျောင်းသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

 

ဦးရွှေအုန်ရဲ့သားကို ဖမ်းသွားတုန်းမှာ အတူရှိနေခဲ့တဲ့ သူငယ်ချင်းတွေက “ပထမတော့ တစ်ယောက်တည်း၊သူက  ဓါတ်တိုင်နဲ့ကွယ်ပုန်းနေတာ။ ကျနော်တို့လည်းရောက်ရော ဆိုင်ကယ်ကို သော့ဖြုတ်သွားတယ်။ ဒီထဲမှာ ဦးရွှေအုန်းသားပါလားလို့မေးတယ်။ ပြီးတော့ ဘယ်သူ့ဆီမှန်းမသိဘူး သူက ဖုန်းတွေဆက်တယ်။ အစက လာကြည့်ခိုင်းတယ်၊ ပြီးမှလာမကြည့်နဲ့တော့ ပုံပဲ ပို့လိုက်ဆိုပြီး အဲဒါနဲ့ ဖမ်းသွားတယ်။” လို့ ဆိုပါတယ်။

 

ကျောင်းသုံးစာအုပ်နဲ့ လိုအပ်တာတွေ ၀ယ်ဖို့ သူငယ်ချင်းသုံးယောက်  ရွာအပြင်ထွက်စဉ် ဦးရွှေအုန်းသား ထူးဝေယံကို   အရပ်ဝတ်နဲ့ လူက လက်ထိပ်ခက်သွားတာဖြစ်ပြီး ရဲဝတ်နဲ့ ဆယ်ယောက်လောက်က ကားပေါ်တင်ဖမ်းဆီးခေါ်ဆောင်သွားတာလို့  ပြောပါတယ်။

 

“ ကလေးအတွက် တောင်းဆိုသွားရမှာပဲ။ အမှန်ကတော့ သူတို့က ဒါပြန်ပေးဆွဲတာပဲ။ လူစားလဲချင်လို့၊ ကျနော့်ကိုလိုချင်လို့ ပြန်ပေးဆွဲတဲ့ကိစ္စပါ။” လို့ ဦးရွှေအုန်းက ပြောပါတယ်။

 

ဆန္ဒထုတ်ဖော်ပွဲမှာ အခုကျောင်းသားတွေ မပါပေမယ့် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်းမရှိတာကြောင့် အတည်ပြုချက် မရရှိသေးပါဘူး။

 

ဒီလ ၂၁ ရက်ကလည်း ဦးရွှေအုန်းအပါအ၀င် သုံးဦးရဲ့နေအိမ်တွေကို မနက်ငါးနာရီ အချိန်မှာ အရပ်ဝတ်တွေနဲ့ အင်အားသုံးဆယ်လောက်က ဖမ်းဆီးဖို့ ၀င်ရောက်ရှာဖွေခဲ့ကြပါသေးတယ်။

 

အဲဒီ ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တာနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး လက်ရှိအချိန်အထိ အောင်သပြေဒေသခံ ၂၅ ဦးခန့်ဟာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ၊ လမ်းတံတားပုဒ်မအပါအ၀င် ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့် တရားစွဲဆိုခံထားရပါတယ်။

 

ဒီစီမံကိန်းကို ၂၀၁၂ ကတည်းက လျာထားခဲ့တာဖြစ်ပြီး ဒေသခံတွေကန့်ကွက်လို့ ရပ်ထားရာက ၂၀၁၅ ခုနှစ် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ်ဆိုပြီးပြန်လည်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

 

ဒေသခံ​တွေက​တော့ ကန့်​ကွက်​မှု​တွေ ဆက်​တိုက်​ဆိုသလို လုပ်​​ဆောင်​ခဲ့ကြပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေအထိ လုပ်ဆောင်ခဲ့ကြပါတယ်။၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ကန့်ကွက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။ ​နောက်​ဆက်​တွဲအကျိုးဆက်​က​တော့ ​ဒေသခံ ၁၈ ဦး​လောက်​ ပုဒ်​မအမျိုးမျိးနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်​။

 

ဒါ့အပြင်​ ဒီလ ၁၄ ရက်​က​နေ ၁၇ ရက်​အတွင်း ရဲတပ်​ဖွဲ့ဘက်​က ရာဘာကျည်​ ပစ်​ခက်​မှု​တွေ၊ ​ဒေသခံဘက်​က ခဲပစ်​ခက်​မှု​တွေ၊ ကုမ္ပဏီပိုင်​ပစ္စည်း ဖျက်​စီးမှု​တွေနဲ့ ပဋိပက္ခ​တွေ ဖြစ်​ပွားခဲ့ပြီး အဲ့ဒီအတွက်​လည်း လက်​ရှိမှာ ၇ ဦး ဖမ်းဆီးခံထားရပါတယ်​။

 

ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ ရွာစည်းရိုးနဲ့ ထိကပ်နေပြီး စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် သူတို့ရွာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရပ်ဆိုင်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်ထောင်စုအစိုးရက ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

 

ဒေသခံတွေကန့်ကွက်နေတဲ့ အဲဒီဘိလပ်မြေစက်ရုံကို ဆက်လက်လုပ်ကိုင်ခွင့်ပြုတာဟာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုအရေးယူပေးဖို့ NLD ရုံးချုပ်ကိုလည်းတိုင်ကြားစာတွေပေးပို့ခဲ့တာမျိုး​တွေလည်းရှိခဲ့ပါတယ်​။

 

လက်​ရှိမှာ​ ​ကုမ္ပဏီနဲ့ အနီးတ၀ိုက်​မှာ ရဲအင်​အားအလုံအ​လောက်​နဲ့ လုံခြုံ​ရေးချထားဆဲပဲ ဖြစ်​တဲ့အတွက်​ ​ကျေးရွာ​နေပြည်​သူ​တွေဟာ တစုတစည်းတည်းမရှိရင်​ ဖမ်းဆီးခံရနိုင်​တာ​ကြောင့်​ ရွာအပြင်​ကို သိပ်​မထွက်​ကြဘူးလို့လည်း သိရပါတယ်။

 

#voiceofmyanmar # အဖေဖြစ်သူဖမ်းမမိလို့သားဖြစ်သူအဖမ်းခံရ #

အောင်သပြေဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #မန္တလေး #​အောင်​သ​ပြေ

 

Related posts

Leave a Comment

VOM News

FREE
VIEW