အမေရိကန် သဘောထားမပြောင်းရင် နျူဆွေးနွေးပွဲတွေ လုံးဝပြန်မလုပ်ဘူးလို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ မေ-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်တာဟာ အမေရိကန်ရဲ့ ရပ်တည်ချက် သဘောထားဟာ နိုင်လိုမင်းထက်ဆန်ပြီး မရိုးသားတာကြောင့်လို့ မေ ၂၄ ရက်မှာ မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက် ပုံစံမပြောင်းဘူးဆိုရင်  နျူကလီးယားဆွေးနွေးပွဲတွေကို လုံးဝ ပြန်စမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

 

ဖေဖော်ဝါရီလအတွင်းက ဟနွိုင်းမှာပြုလုပ်ခဲ့တဲ့ ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားရတာနဲ့ပတ်သက်ပြီး အမေရိကန်ဟာ လုံးဝမသက်ဆိုင်တဲ့  ပြသနာတစ်ရပ်ဖန်တီးပြီး မြောက်ကိုရီးယားကို အပြစ်ဖို့စေဖို့ ကြိုးစားနေတယ်လို့  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးက စွပ်စွဲပြောဆိုပါတယ်။

 

ဟနွိုင်းမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရတာရဲ့ အခြေခံအကြောင်းရင်းက အမေရိကန်ရဲ့ နိုင်လိုမင်းထက်ပြုပြီး မရိုးသားတာကြောင့်ဖြစ်ပြီး လုံးဝမဖြစ်နိုင်တာတွေကို တောင်းဆိုတာထက် အခြားနည်းလမ်းတစ်ခုနဲ့ ချဉ်းကပ်ဖို့ အမည်မဖော်လိုတဲ့ အဲဒီတာဝန်ရှိသူက ထုတ်ပြန်ချက်မှာ ပြောကြားတယ်လို့  မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြပါတယ်။

 

နည်းလမ်းသစ်နဲ့ အမေရိကန်က ရှေ့ဆက်လုပ်ဆောင်တာမရှိဘူးဆိုရင်  အမေရိကန်-မြောက်ကိုရီးယား နျူကလီးယားဆွေးနွေးပွဲကို လုံးဝ ပြန်လည်စတင်မှာ မဟုတ်သလို နျူကလီးယားပြသနာအပေါ် ဖြေရှင်းဖို့ အလားအလာလည်း ပိုမိုအားလျော့သွားမယ်လို့ သူကပြောပါတယ်။

 

ဒီလိုထုတ်ပြန်တာဟာ  ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်း အမေရိကန်အပေါ် မြောက်ကိုရီးယားက ဝေဖန်ပြောဆိုလိုက်တဲ့ နောက်ဆုံးထုတ်ပြန်ချက်တစ်ခုဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ မြောက်ကိုရီးယားအရေး ဆွေးနွေးနိုင်ဖွယ်ရှိတဲ့ ဒေါ်နယ်ထရန့်ရဲ့ ဂျပန်ခရီးစဉ် မတိုင်မီ နာရီပိုင်းအလိုမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

Ref & Photo: Reuters

 

#voiceofmyanmar # အမေရိကန်သဘောထားမပြောင်းရင်နျူဆွေးနွေးပွဲလုံးဝပြန်မလုပ်ဘူး #သတိပေး #မြောက်ကိုရီးယား# ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW