နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရကို ထိုးနှက်မှုမလုပ်ဖို့ လူမှုရေးဝန်ကြီးပြော

စစ်တွေ၊ မေ ၂၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကို စေတနာရှိရှိနဲ့ကူညီမယ်ဆိုလို့ရှိရင် ကူညီလို့ရပြီး အစိုးရကိုထိုးနှက်မှုတွေမလုပ်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။

 

“သူတို့တကယ် ရခိုင်ပြည်သူတွေကို အကူအညီပေးချင်ရင် အချိန်မရွေးထောက်ပံ့ပေးလို့ ရပါတယ်။ သွားခွင့်မရတဲ့ နေရာတွေကိုတော့ အစိုးရပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲဖြစ်ဖြစ် ထောက်ပံ့ပေးပေါ့။ အစိုးရကို မယုံတဲ့အတွက် မပေးဘူးဆိုတာကတော့ ဒါသက်သက်ထိုးနှက်တာပဲဖြစ်တယ်။ သူတို့တွေက ဘင်္ဂါလီကိစ္စမှာလည်း ဒါမျိုးတွေကြုံရတယ်။ အစိုးရကို ထိုးနှက်မှုတွေ မလုပ်ကြဖို့လိုပါတယ်။”လို့ ဒေါက်တာချမ်းသာက ပြောတာပါ။

 

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးရေးကိစ္စတွေမှာ အစိုးရကတားဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် ထောက်ပံ့ကူညီပေးမှုတွေ မလုပ်နိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ INGO တွေရဲ့ ပြောဆိုမှုတွေအပေါ် ခုလိုပြောကြားခဲ့တာပါ။

 

NGO/INGO တွေအနေနဲ့  အဲ့ဒီနေရာတွေကို တိုက်ရိုက်သွားရောက်ပြီး ထောက်ပံ့မှုတွေပြုလုပ်ချင်ကြတာဆိုပေမယ့် လက်တွေ့မှာတော့ အဲ့ဒီလိုသွားခွင့်ပြုပေးမယ်ဆိုတာဟာ မဖြစ်နိုင်ကြောင်းနဲ့ အခြေအနေအရ တချို့နေရာတွေကို သွားလာခွင့်ပိတ်ပင်ထားရတာဖြစ်တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းက ပြောပါတယ်။

 

“NGO တွေက ကျွန်တော်တို့ဆီကိုလာတယ်။ အကူအညီပေးချင်သလိုလို အချက်အလက်လာတောင်းသလိုလို။ အဲ့လိုမျိုးတွေလုပ်ကြတယ်။ သူတို့စေတနာရှိတယ်ဆိုရင်တော့ ဘယ်လိုပဲပေးပေး ရပါတယ်။ အစိုးရကနေတစ်ဆင့်ပေးရင်လည်း ရတယ်။ ကျွန်တော်တို့မှာလည်း ကိုယ်တိုင်သွားလို့မရတဲ့နေရာတွေကို ဒီလိုပဲတခြားအဖွဲ့အစည်းတွေကနေ တဆင့် ပေးနေတာပါ။”လို့ ဦးကျော်မင်းကပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတဆင့် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနေတာဟာ သိန်းပေါင်း ၉၀၀၀ ကျော်လောက်ရှိနေပြီလို့ ဦးကျော်မင်းက ပြောပါတယ်။

 

#voiceofmyanmar #NGO/INGOတွေအစိုးရကိုထိုးနှက်မှုမလုပ်ဖို့ပြော #လူမှုရေးဝန်ကြီး #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW