ပို့ကုန်တင်ပို့မှု အရင်နှစ်ထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုရရှိ

ရန်​ကုန်​၊ ဇွန်​ ၅ – ၂၀၁၉

သူရိန် (VOM)

 

ပြည်ပကို ပို့ကုန်တင်ပို့မှုအနေနဲ့ အခုပြီးခဲ့တဲ့ ရှစ်လနဲ့ အရင်နှစ် ကာလတူနှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုကိန်းဂဏန်းတွေအရ သိရပါတယ်။

 

ပြည်ပပို့ကုန်အနေနဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်အထိကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိခဲ့ပြီး   ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်က​နေ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်အထိကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုး ရှိခဲ့တဲ့အတွက် ကာလတူအနေနဲ့ နှိုင်းယှဉ်ရင် အရင်​နှစ်တင်ပို့မှုထက် ၁ ဘီလီယံကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တာပါ။

 

ပြည်ပတင်ပို့ရာမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္ထုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနဲ့ အခြားပို့ကုန်တွေ တင်ပို့နေတာ ဖြစ်ပါတယ်။ အခုနှစ်မှာ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းတွေ ပိုမိုတင်ပို့နိုင်တာဖြစ်ပြီး ကျွဲ၊ နွားတွေ ပြည်ပတင်ပို့မှုကလည်း ပို့ကုန်ဝင်ငွေတိုးတက်စေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

 

ပို့ကုန်တင်ပို့မှုမှာ ဝင်ငွေပိုလာတယ်ဆိုပေမယ့် သွင်းကုန်တွေကလည်းဝင်ရောက်မှုပိုများလာတာဟာ နိုင်ငံအတွက် ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်ပြီး ပို့ကုန်သွင်းကုန်ညီမျှဖို့ လုပ်ဆောင်နေကြောင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “ပို့ကုန်ထက် သွင်းကုန်ပမာဏ များပြားမှုက ဖွံ့ဖြိုးဆဲနိုင်ငံတွေ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ပို့ကုန်ပမာဏ တိုးမြှင့်ခြင်းနဲ့ သွင်းကုန်ပမာဏ ပုံမှန်ဖြစ်အောင်ဆောင်ရွက်မယ့် ပေါ်လစီတစ်ရပ်ကိုလည်း စဉ်းစားထားပါတယ်။” လို့ ပြောပါတယ်။

 

ပြည်တွင်းကို ကုန်ပစ္စည်းများတင်သွင်းရာမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း​တွေနဲ့ အထည်ချုပ်ပစ္စည်း​တွေ စတဲ့ပစ္စည်း​တွေကို အဓိကတင်သွင်းနေတာပါ။

 

#voiceofmyanmar # ပို့ကုန်တင်ပို့မှုအရင်နှစ်ထက်ကန်ဒေါ်လာတစ်ဘီလီယံကျော်ပိုမိုရရှိ #ရန်ကုန်  #စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW