မှော်ဘီ၊ ဇွန် – ၁၈ – ၂၀၁၉
မိုးယံ(VOM)
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်းအုပ်စု ဘုရားလေးကျေးရွာမှာ ဒီနေ့ မနက်က ဟုမ်းစွမ် အထည်ချုပ်စက်ရုံ အလိုမရှိဆိုပြီး ဒေသခံပြည်သူ တစ်ရာဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“တည်ဆောက်စဉ်က ဘုရားလေးကျေးရွာပိုင်လမ်းကို အသုံးပြုပြီး တည်ဆောက်ခဲ့လို့ အညစ်အကြေးတွေနဲ့ လမ်းပျက်စီးနေပါတယ်။ ရွာသူ၊ ရွာသားတွေ ကျောင်းသူ၊ ကျောင်းသားတွေလည်း သွားလာရခက်ခဲနေလို့ ပြန်လည်ပြုပြင်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေကို အဆင့်ဆင့်တောင်းဆိုခဲ့ပေမယ့် မရရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ။” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူ ဒေါ်ဝင်းက ပြောပါတယ်။
ကျေးရွာလမ်းကို ပျက်စီးစေတဲ့ စက်ရုံ အလိုမရှိ၊ အပြောနဲ့အလုပ်မညီတဲ့ စက်ရုံ အလိုမရှိ၊ (၂၄)နာရီ ဆူညံနေတဲ့ (ဟုမ်းစွမ်) အထည်ချုပ်စက်ရုံ အလိုမရှိ ဆိုတဲ့စာသားပါဗီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံ တွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
စက်ရုံကအသုံးပြုနေတဲ့ ဘုရားလမ်းကျေးရွာက အဲဒီလမ်းကို ဒေသခံတွေ ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ကြတာလို့ သိရပါတယ်။ လမ်းအရှည်ဟာ ပေ ၈၅၀ ရှိပြီး မှော်ဘီမြို့ အမှတ် ၁ ရပ်ကွက်နဲ့ ကျေးရွာချင်းဆက်လမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး ခုညနေပိုင်းမှာတော့ ဟုမ်းစွမ် အထည်ချုပ်စက်ရုံ တာဝန်ရှိသူတစ်ဦးက “ဦးဆောင်ဆန္ဒပြသူတွေနဲ့ စက်ရုံက တာဝန်ရှိသူတွေ အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံညှိနှိုင်းကြပါတယ်။ ကွန်ကရစ် လမ်းပြုလုပ်ပေးဖို့အတွက် ကျနော်တို့ စက်ရုံပိုင်ရှင်ကို ပြောပြီးအကြောင်းပြန်ပေးမှာပါ။” လို့ ပြောပါတယ်။
ဟုမ်းစွမ် အထည်ချုပ်စက်ရုံကို ၂၀၁၈ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး စက်ရုံဝန်ထမ်း ၅၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။
#voiceofmyanmar # မှော်ဘီမြို့နယ်မှာဟုမ်းစွမ်အထည်ချုပ်စက်ရုံအလိုမရှိဆိုပြီးဆန္ဒထုတ်ဖော် #ရန်ကုန် #မှော်ဘီ