ကံမမြို့နယ်မှာ ယင်ကောင်တွေများနေလို့  မူကြိုနဲ့ KG တန်းတွေ ပိတ်ထားရ

ကံမ၊ ဇွန် ၂၂ -၂၀၁၉

ဂျန်ကိုးလ် (VON)

 

မကွေးတိုင်း ကံမမြို့နယ်က ထန်းဖြူကျေးရွာမှာ ယင်ကောင်တွေ အဆမတန်များပြားနေလို့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရတယ်လို့ ထန်းဖြူအခြေခံပညာမူလတန်းကျောင်းကသိရပါတယ်။

 

အဲဒီလို ယင်ကောင်တွေများလာရတာဟာ အနားမှာရှိတဲ့ မွေးမြူရေးကြက်ခြံတွေကြောင့်လို့ ဒေသခံတွေက စွပ်စွဲနေကြပြီး ဒေသခံ ဒေါ်တင်ဌေးကတော့ “အရင်က သာမန်လောက်ပါပဲ။ အခုတော့ကြက်ခြံက ကြက်ချေးတွေနဲ့ အနံ့တွေကြောင့်လို့ ထင်ပါတယ်။ မနက်စာတောင် မစားဖြစ်တာကြာပြီ။ သစ်ပင်တွေမှာကအစ မည်းနေတာပဲ။ သူတို့စီးပွားရေး မနာလိုလို့ မဟုတ်ဘူး၊ သူတို့ကတောင် သိန်ငါးဆယ်၊ ခြောက်ဆယ်လျော်နိုင်လို့လား၊ တိုင်ချင်ရာတိုင်တဲ့။ ကျမရွာက ရွာသိမ်ရွာငယ်လေးပါ မြင်တဲ့အတိုင်းပါပဲ။”လို့ ပြောပါတယ်။

 

ဒါ့အပြင် ထန်းဖြူကျေးရွာ မူလတန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဒေါ်အိအိမျိုးကလည်း “ပြီးခဲ့တဲ့ အပတ်ကတည်းက မူကြိုကလေးငါးဦးနဲ့ ကေဂျီတန်းကို ပိတ်ပေးထားရတယ်။ အရမ်းငယ်တော့ ရောဂါဖြစ်မှာ စိုးလို့။ ယင်တွေကတော့ မြင်တဲ့အတိုင်းပါပဲ။” လို့ပြောပါတယ်။ ထန်းဖြူကျေးရွာ မူလတန်းကျောင်းမှာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၄ဦးရှိပြီး မူကြိုနဲ့  KG တန်းမှာတော့ ၁၄ ဦးရှိတယ်လို့ သိရပါတယ်။

 

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်မျိုးလှိုင်ကတော့ မြေအစိုများနေလို့ ယင်ပေါက်ပွားနှုန်း ပိုနေတာဖြစ်ပြီး ကြက်ခြံတွေကို ယင်သတ်ဆေး ဖျန်းခိုင်းထားသလို သန့်ရှင်းရေးသေချာလုပ်ဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကံမမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကို မေးကြည့်တော့ “ကျနော်တို့ ပြည်သူတွေကိုလည်း တစုံတရာ မထိခိုက်အောင် ကာကွယ်ပေးရမှာပေါ့ဗျာ။ အဲသလိုပဲ အခွန်ထမ်း ပြည်သူလုပ်ငန်းရှင်တွေကိုလည်း ပြဌာန်းထားတဲ့ ဥပဒေပါ အချက်အလက်နဲ့ တိုက်ဆိုင်ပြီး ဆောင်ရွက်ပေးရမှာပေါ့။ ဥပဒေသတ်မှတ်ချက်နဲ့တော့ ညီရမှာပေါ့။”လို့ ပြောပါတယ်။

 

ထန်းဖြူကျေးရွာက ကြက်မွေးခြံတွေမှာ ကြက်အကောင်ရေ ၃၀၀၀ ကနေ ၇၀၀၀ အထိ မွေးမြူထားတဲ့ကြက်ခြံ ၉ ခြံရှိပြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ မွေးမြူခွင့်ပြုထားတဲ့ ကြက်ခြံကတစ်ခြံသာရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ ခြံဟာလည်း သက်တမ်းလွန်နေပြီဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရှိရပါတယ်။

 

#voiceofmyanmar # ကံမမြို့နယ်မှာယင်ကောင်တွေများ #မူကြိုနဲ့KGတန်းတွေပိတ်ထားရ #မကွေး # ကံမမြို့

Related posts

Leave a Comment

VOM News

FREE
VIEW