ကြားဖြတ်​သန်း​ခေါင်​စာရင်းအတွက် ကောက်ကွက်မြေပုံတွေနဲ့ပတ်သက်ပြီး လုပ်ငန်း စတင်

နေပြည်တော်၊ ၂၅ – ၂၀၁၉

ကိုထွန်း(VOM)

 

လာမယ့်နိုဝင်ဘာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူသွားမယ့် ကြားဖြတ်သန်းခေါင်စာရင်းအတွက် သန်းခေါင်စာရင်းကောက်ကွက် လေးထောင်ကျော်ရဲ့မြေပုံတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီလို့ နေပြည်တော် သင်္ဂဟိုတယ်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲက သိရပါတယ်။

 

ကြားဖြတ်သန်းခေါင်စာရင်းအတွက် ကောက်ကွက်အရရွယ်အစားသတ်မှတ်တာ၊ မြေပုံရေးစွဲတာ ၊ Update လုပ်တာတွေ စတဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာလည်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အသုံးပြုမယ့် မေးခွန်းပုံစံမှာ ထည့်သွင်းမယ့် အချက်အလက်များနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။

 

“ကောက်ကွက် လေးထောင်ကျော်ထဲမှာ ယခင်မကောက်ခဲ့ရတဲ့ဒေသတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဝ၊ မိုင်းလားဒေသတွေအတွက်ကတော့ သူ့ပြည်နယ်အလိုက် ကောက်ဖို့ရှိပါတယ်။ မိုင်းလားမှာလည်း ကောက်မယ်၊ ဝ မှာလည်းကောက်ပါမယ်။ ရခိုင်ဒေသမှာ ကောက်ဖို့ကလည်း အခက်အခဲမရှိပါဘူး။ ပြဿနာဖြစ်တယ်ဆိုတဲ့ နေရာက ပြည်နယ်တစ်ခုလုံးနဲ့စာရင် ဘာမှမပြောပလောက်တဲ့နေရာပါ။ သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျကောက်ယူမှာ ဖြစ်ပါတယ်။” လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

 

အဲဒီကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ အရင်လို စာရွက်စာတမ်းတွေနဲ့ ကောက်ယူမှာ မဟုတ်ဘဲ Tablet တွေနဲ့ ကောက်မှာဖြစ်ပြီး နိုင်ငံတကာမှာ အသုံးပြုနေတဲ့ CAPI စနစ်နဲ့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကောက်ယူသွားမယ်လို့ သိရပါတယ်။

 

“အဲဒီအတွက် သင်တန်းတွေပေးနေပါပြီ။ တိုင်းနဲ့ ပြည်နယ်တွေမှာ ကောက်ကွက်တွေ သတ်မှတ်ပြီးတော့ မြေပုံလည်းရေးစွဲထားပါပြီ။ ဒီလို ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းဟာ နောင်လာမဲ့ သန်းခေါင်စာရင်း ကောက်ယူမှုတွေအတွက် အထောက်အကူဖြစ်စေပါမယ်။ လက်ရှိအနေအထားမှာလည်း တိကျတဲ့ အချက်အလက်တွေ ရရှိသွားမှာ ဖြစ်ပါတယ်။”လို့ ဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။

 

ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုအတွက် ဘတ်ဂျက်ကို နိုင်ငံတော်က ထုတ်ပေးမှာဖြစ်ပြီး ဘတ်ဂျက်ဘယ်လောက် သုံးစွဲမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ နည်းပညာပိုင်းနဲ့ လိုအပ်တဲ့အထောက်အပံ့တွေကိုတော့ တခြားသောမိတ်ဖက်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမယ်လို့ သိရပါတယ်။

 

ဆယ်နှစ်တကြိမ်ကောက်ယူတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို လက်ရှိအခြေအနေနဲ့ ကွာဟမှု မရှိစေဖို့၊ ပြောင်းလဲမှုတွေကို သိရှိနိုင်ဖို့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဆောင်ရွက်နေတဲ့ အတွေ့အကြုံတွေကို လေ့လာသုံးသပ်ပြီး ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

 

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဗဟိုကော်မတီကို သမ္မတရုံးရဲ့ အမိန့်ကြေညာစာနဲ့ အခုနှစ် ဇန်နဝါရီ ၂၃ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး နေပြည်တော် အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တွေမှာလည်း ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီတွေ အဆင့်ဆင့် ဖွဲ့စည်းပြီး ဖြစ်ပါတယ်။

 

#voiceofmyanmar # ကြားဖြတ်သန်းခေါင်စာရင်းအတွက်ကောက်ကွက်မြေပုံတွေနဲ့ပတ်သက်ပြီးလုပ်ငန်း စတင်  # နေပြည်တော် #

Related posts

Leave a Comment

VOM News

FREE
VIEW