မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု ပမာဏကြီးမားတဲ့ သတင်းရရှိမှုတွေ အားနည်းလို့ ပြည်သူတွေ လုံခြုံစိတ်ချစွာ သတင်းပေးဖို့လို

 

နေပြည်တော်၊ ဇွန် ၂၆ – ၂၀၁၉

ကိုထွန်း (VOM)

 

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုတွေကနေ ဖမ်းဆီးရာမှာ အတန်အသင့် ဆောင်ရွက်နိုင်ခဲ့ပေမယ့် ပမာဏကြီးတဲ့ရောင်းဝယ်ဖောက်ကားမှု သတင်းရရှိမှုတွေ အားနည်းနေသေးတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေးဖို့ နိုင်ငံတော် သမ္မတက တိုက်တွန်းလိုက်ပါတယ်။

 

“ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်ဇွန်လ ၂၂ ရက်က စတင်ဖွဲ့စည်းထားရှိပြီး ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာ သတင်းအချက်အလက်တွေကို စနစ်တကျစိစစ်လက်ခံ ဖမ်းဆီးလျှက်ရှိရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာဏကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေ ရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေးတိုင်ကြားကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုခဲ့တာပါ။

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဟတ်တာ ၄၁၀၀၀၊ ထုတ်လုပ်မှုက ၅၅၀ မတ်ထရစ်တန် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ဟတ်တာ ၃၇၃၀၀၊ ထုတ်လုပ်မှုက ၅၂၀ မတ်ထရစ်တန်ဖြစ်လို့ စိုက်ပျိုးမှု ၉.၁ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု ၅.၄၅ ရာခိုင်နှုန်းလျော့ကျသွားတယ်လို့ သမ္မတ မိန့်ခွန်းက သိရပါတယ်။

 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ်စာရင်းတွေအရကတော့  မြန်မာနိုင်ငံမှာ မူးယစ်ဆေး အကြောတွင်းထိုးသွင်းသူ  ၉၃၀၀၀ ဦးလောက် ရှိတယ်လို့ ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ HIV ရောဂါ၊ အသည်းရောင် အသားဝါရောဂါနဲ့ တီဘီရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

“မူးယစ်ဆေးဝါးပြသနာ၏ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတွေ၊ အစိုးရတွေအနေဖြင့် မိမိနိုင်ငံရဲ့အရင်းအမြစ်တွေကို အခြေပြုပြီးအမျိုးမျိုးအဖုံဖုံ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြသနာကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။”လို့ သမ္မတက ပြောဆိုခဲ့ပါတယ်။

 

ကမ္ဘာ့လူဦးရေနဲ့ပြောရမယ်ဆိုရင် ၅.၆ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၂၇၅ သန်းဟာ တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံး တစ်ကြိမ်သုံးစွဲဖူးသူတွေဖြစ်ပြီး လူဦးရေ ၃၁ သန်းဟာ မဖြစ်မနေ ဆေးကုသဖို့ လိုအပ်သူများဖြစ်တယ်လို့လည်း သိရပါတယ်။

 

#voiceofmyanmar # မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု# ပမာဏကြီးမားတဲ့သတင်းရရှိမှုတွေ အားနည်းလို့လုံခြုံစိတ်ချစွာ သတင်းပေးဖို့လို #နေပြည်တော် # နိုင်ငံတော်သမ္မတဦးဝင်းမြင့်

Related posts

Leave a Comment

VOM News

FREE
VIEW